ဗဟန်းမြို့နယ်၊ အ.လ.က(၃)ကျောင်းတွင် (၁၀၅)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲနှင့်ပြိုင်ပွဲများကျင်းပ

ဗဟန်း နိုဝင်ဘာ ၁၄

ရန်ကုန်အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ် အမှတ် (၃) အခြေခံပညာအလယ်တန်းကျောင်း၊ မြတ်ပန်းမဉ္ဇူခန်းမတွင် ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ရုံးမှ (၁၀၅)နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရန်ကုန်အနောက်ပိုင်းခရိုင် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စာရေးဆရာမ ပေါက်ပေါက်က အမျိုးသားအောင်ပွဲနေ့ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းကို မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ သိရှိနိုင်စေရန် ဟောပြောပေးခဲ့ပါသည်။ ထို့နောက် အမှတ်(၃)အခြေခံပညာအလယ်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက က​ဗျာရွတ်ဆို ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကျပန်းစကားပြောပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ခဲ့ကြကြောင်း သိရပါသည်။

ဆက်လက်၍ အ.လ.က(၃)ဗဟန်းကျောင်းအုပ်ဆရာကြီး ဦးမြင့်စန်းဝင်းက ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရပါသည်။ အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှခင်းကျင်းပြသထားသော ဗဟုသုတရရှိစေသည့် စာအုပ်စာစောင်များ၊ အသိပညာပေး နံရံကပ်စာစောင်များကိုလည်း စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သတင်းရရှိပါသည်။

သင်းသင်းစိုး