ဒက္ခိဏ နိုဝင်ဘာ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့မွန်းလွဲပိုင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို ကျင်းပရာ နေပြည်တော် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင်များဖြစ်သည့် ဦးမင်းဦး၊ ဦးဟန်သူ၊ ဦးခင်မောင်လတ်၊ နေပြည်တော်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စာပေပညာရှင်များနှင့် အကဲဖြတ်ဒိုင်များ၊ အလှူရှင်များ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။
ဦးစွာ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးအား နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကောင်စီဝင် ဦးမင်းဦး၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ထို့နောက် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် အခမ်းအနားကို အဆိုပါကျောင်း သီရိမင်္ဂလာခန်းမတွင် ကျင်းပရာ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းကို သီဆိုကြပြီး “ပညာဘဏ်တိုက် စာကြည့်တိုက်သို့သွားကြစို့” တေးသီချင်းဖြင့်ဖျော်ဖြေ တင်ဆက်ကြသည်။
ယင်းနောက် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက အမှာစကားပြောကြားရာတွင် လူငယ်များ အပါအဝင် ပြည်သူများ စာဖတ်ကြရန်နှင့် စာပေလေ့လာဖတ်ရှုနိုင်မည့် ပတ်ဝန်းကျင်များ ဖန်တီးပေးရန် အခြေခံပညာ ကျောင်းများနှင့် အဆင့်မြင့်ပညာဖြစ်သည့် တက္ကသိုလ်များကို အခြေခံ၍ ယခုကဲ့သို့ စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်များ ကျင်းပခြင်းဖြစ်ကြောင်း၊ ကျောင်းသား/ကျောင်းသူ လူငယ်များအနေဖြင့် စာအုပ်စာပေများကို စိတ်ဝင်စားလာစေရန်နှင့် ဖတ်ရှုအသုံးပြုလာစေရန်အတွက် စာပေဆွေးနွေးပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ စကားရည်လုပွဲ၊ ဉာဏ်စမ်းပဟေဠိ ပြိုင်ပွဲများဖြင့် ဆောင်ရွက်ပေးပါက စာကြည့်တိုက်များကို အသုံးချတတ်သည့်အလေ့အထများလည်း ဖြစ်ပေါ်လာမည်ဖြစ်ပါကြောင်း၊ စာဖတ်ခြင်းဖြင့် အသိကြွယ်ခြင်း၊ ဗဟုသုတများခြင်း၊ ကျိုးကြောင်းညီညွတ်စွာ သုံးသပ်နိုင်မှုစွမ်းရည် တိုးတက်လာခြင်း၊ အခြားသူများထံမှ အတွေ့အကြုံကိုရယူ၍ မိမိနှင့်ပတ်ဝန်းကျင် လူမှုဘဝ အောင်မြင်မှုတွင် အသုံးချနိုင်ခြင်း၊ လူမှုဆက်ဆံရေးကောင်းမွန်ခြင်း၊ အာရုံစူးစိုက်သည့် အလေ့အကျင့်ဖြစ်ထွန်းလာခြင်း၊ စိတ်ကူးစိတ်သန်းကောင်း၍ ဖန်တီးနိုင်မှု စွမ်းရည်မြှင့်မားလာခြင်း၊ ဦးနှောက်ကို ပိုမိုထက်မြက်အောင် လှုံ့ဆော်ပေးနိုင်ခြင်း၊ လူတစ်ဦး၏နေ့စဉ်ဘဝပြဿနာများကို စနစ်ကျစွာ ရင်ဆိုင်ဖြေရှင်းနိုင်၍ ဘဝတိုးတက်ခြင်း၊ စိတ်ဖိစီးမှုကို လျော့ချနိုင်ခြင်းစသည့် စာပေအကျိုးကျေးဇူးများစွာ ရရှိကြမှာဖြစ်ကြောင်း၊ စာဖတ်ခြင်းသည် ဘဝတစ်သက်တာ အတွက် လွန်စွာအကျိုးကျေးဇူးရှိစေသောကြောင့် ကျောင်းသား၊ ကျောင်းသူများအား ငယ်စဉ်မှစ၍ စာဖတ်သည့်အလေ့အထကိုပျိုးထောင်ပေးရန် အရေးကြီးပါကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းများသည် ရေရှည်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်တစ်ခုဖြစ်ပြီး ကျောင်းသား/ ကျောင်းသူများ အနေဖြင့် နေ့စဉ်စာဖတ်ရာ၌ သုတ/ရသ ပညာရပ်အစုံကို ဖတ်ရှုကြရန်နှင့် နောင်တစ်ချိန် နိုင်ငံတော်ကအားကိုးအားထားရသော သားကောင်း၊ သမီးကောင်း ပညာရှင်များ ပေါ်ထွန်းရေး အတွက် ကြိုးစားကြရန်လိုအပ်ပါကြောင်း၊ စာပေဖတ်ရှုလေ့လာမှုက ဘဝအတွက် အလွန်အရေးကြီးပါကြောင်း၊ ငယ်ရွယ်စဉ်ကတည်းက စာပေဖတ်ရှုလေ့လာမှု အလေ့အကျင့် ကောင်းကို ပြုစုပျိုးထောင်ထားကြရမှာဖြစ်ပါကြောင်း၊ စာတတ်ရုံ၊ အသိပညာ ပြည့်ဝရုံသာမက စဉ်းစား တွေးခေါ်ဉာဏ်နှင့် အသိပညာပြည့်ဝပြီး ဗလငါးတန်ပြည့်ဝ သည့်လူငယ်များ ပေါ်ထွက်လာစေရေး တာဝန်ရှိသူများနှင့် မိဘများ၊ ဆရာ/ ဆရာမများက ကြိုးစားဆောင်ရွက် ပေးကြရန်နှင့် ယခုကဲ့သို့ စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်များကို အခြေခံပညာ၊ အဆင့်မြင့်ပညာကျောင်းများတွင် စဉ်ဆက်မပြတ် ကျင်းပနိုင်ရေး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှု ကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးက ကျောင်းစာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့် စာအုပ်စာစောင်များကို ပေးအပ်လှူဒါန်းရာ ကျောင်အုပ်ဆရာကြီးက လက်ခံရယူပြီး စာဖတ်ရှိန်မြှင့်တင် ရေးပွဲတော်တွင် စာပေရေးရာ အသိပညာပေး ဟောပြောပေးပါသော စာရေးဆရာမ ဒေါ်သက်သက်နွယ် (ရန်ကုန်တက္ကသိုလ်) အား ဂုဏ်ပြုမှတ်တမ်းလွှာများကို ပေးအပ်သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်များဖြစ်သည့် ဦးမင်းဦး၊ ဦးဟန်သူနှင့် ဦးခင်မောင်လတ် တို့က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် ပါဝင်လှူဒါန်းပေးကြပါသော အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။
ယင်းနောက် နေပြည်တော်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီ ဒုတိယဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများက ခင်းကျင်းပြသထားသည့် လှပသာယာပြည်မြန်မာ ဓာတ်ပုံမှတ်တမ်းများ၊ စာအုပ်စာစောင်များနှင့် စာအုပ်အရောင်းဆိုင်များ၊ စာစီစာကုံးပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများ၊ ကာယစွမ်းရည်၊ ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာယှဉ်ပြိုင်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။
ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် စာပေရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်က စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာရေးဆရာမ ဒေါ်သက်သက်နွယ်က လူငယ်ရေးရာ အသိပညာပေး ဟောပြောသည်။
ထို့နောက် လူငယ်စကားဝိုင်း ဆောင်ရွက်ခဲ့ပြီး ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်နှင့် တာဝန်ရှိသူများက ဉာဏပြိုင်ပွဲများမှ ဆုရရှိသူများကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)