မောက်မယ် နိုဝင်ဘာ ၁၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်တွင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီခွဲက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူး ဒေါ်အေးမြင့်ခိုင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်းက လူငယ်စကားဝိုင်း ကျင်းပရခြင်းမှာ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ အချင်းချင်းအပြန်အလှန် ဆွေးနွေးတတ်သည့်အလေ့အကျင့်ကောင်းများရရှိစေရန်၊အပြောစွမ်းရည်တိုးတက်စေရန်၊ လူအများရှေ့၊ ပရိသတ်ရှေ့တွင် ရဲရင့်သွက်လက်စေရန် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ အထက်တန်းအဆင့် ကျောင်းသား/သူများဖြစ်သည့် မောင်ဘုန်းဝေဖြိုးက လှုပ်ရှားတက်ကြွလူငယ်ဘဝ၊ မအိမ့်မှူးခင်က စည်းကမ်းရှိမှ ပြည်ရွာလှ၊ စိုင်းဇေယျာလင်းက သစ်ပင်စိုက်ပါ တို့ကမ္ဘာ၊ နန်းယွန်းရွှေစင်ဖြိုးက ရိုင်းပင်းကူညီလိုစိတ်နှင့် နန်းဆုရတီလှိုင်က ငယ်စဉ်အခါပညာရှာစသည့်ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးပြောကြားခဲ့ပြီး ဆွေးနွေးပွဲတက်ရောက်လာကြသော ကျောင်းသား/သူများက သိလိုသည်များကိုမေးမြန်းခဲ့ရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဆွေးနွေးပေးခဲ့သည်။ ထို့နောက်မြို့နယ်အားကစားမှူး ဦးစိုင်းအောင်ကျော်ကျော်က အားကစားပစ္စည်းများနှင့် မြို့နယ်ပြန်/ဆက် ဦးစီးအရာရှိ ဒေါ်နန်းမိုခမ်း အ.ထ.က(မောက်မယ်) ကျောင်းအုပ်ဆရာမကြီးတို့က ဦးဆောင်ဆွေးနွေးသူများအား ဆုငွေနှင့်ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)