မိုးညှင်း နို၀င်ဘာ ၁၃
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်စာရင်းများ အား ပြည်စုံမှန်ကန်စေရေးအတွက် သက်ဆိုင်ရာဌာနများမှ ပူးပေါင်းတိုက်ဆိုင်စိစစ်ခြင်း လုပ်ငန်းများကို နိုဝင်ဘာလ ၁၁ နေ့နံနက် (၉)နာရီက စုပေါင်းရုံးရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်စိုးတင့်က မိုးညှင်းမြို့နယ်တွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင်များ မဲစာရင်းတွင် ပါရှိရေး၊ ကြိုတင်စစ်ဆေးခြင်းလုပ်ငန်းများနှင့် မဲဆန္ဒရှင်များ ရပ်ကွက်/ကျေးရွာအုပ်စုများတွင် ကျန်ရှိမှုမရှိစေရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြစေ လိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ တက်ရောက်လာကြသည့် သက်ဆိုင်ရာ ခရိုင်/မြို့နယ်မှ ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲ အရာရှိများ၊ ခရိုင်/မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲမှ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာများမှ စာရေးဝန်ထမ်းတို့က သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍအလိုက် လက်ရှိလုပ်ငန်းများဆောင်ရွက်နေမှုနှင့် လုပ်ငန်းလိုအပ်ချက်များကို အသီးသီး ပါဝင်ဆွေးနွေးကြရာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌက ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် လိုအပ်သည်များကို ပူးပေါင်းပါဝင် ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့သည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် သက်ဆိုင်ရာ တာဝန်ရှိသူများက နိုင်ငံရေးပါတီအသီးသီးမှ ကိုယ်စားလှယ်များနှင့် မဲဆန္ဒရှင် စာရင်းများ အား ပြည်စုံမှန်ကန်စေရေးအတွက် သက်ဆိုင်ရာဌာနများမှ ပူးပေါင်းတိုက်ဆိုင် စိစစ်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။
ရွှေမိုးညှင်း