တနိုင်း နိုဝင်ဘာ ၁၃
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်၊ ရှင်ဗွေယန်မြို့တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြု၍ ဆန္ဒမဲပေးခြင်းဆိုင်ရာများ အသိပညာပေးခြင်းကို နိုဝင်ဘာလ ၁၂ ရက် နံနက် ၁၀ နာရီက ရှင်ဗွေယန်မြို့၊ ရှင်ဗွေယန် အ.ထ.က ကျောင်းခန်းမ၊ နာဂရိုးရာခန်းမနှင့် အမှတ်(၃)တို့တွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ အသိပညာပေး ဆောင်ရွက်ရာတွင် တနိုင်းမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးအောင်စိုးက မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက်အသုံးပြု၍ မဲပေးပုံအဆင့်ဆင့်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေး ရည်ရွယ်၍ အသိပညာပေး ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး၊ ရွေးကောက်ပွဲအရာရှိ ဦးကျော်သက်ပိုင်က မြန်မာအီလက်ထရောနစ် (MEVM) စနစ်ဖြင့် အသုံးပြု၍ မဲပေးရခြင်း၏ ရည်ရွယ်ချက်၊ မဲပေးစက် ဖွဲ့စည်းတည်ဆောက်ပုံနှင့် ပါဝင်သည့် ဆက်စပ်ပစ္စည်းများ၊ မဲပေးစက်များကို ကိုင်တွယ်အသုံးပြုခြင်း၊ မဲရလဒ်များ၊ မဲပေးစက် အသုံးပြုခြင်း၏ အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများမှ မဲဆန္ဒရှင် ပြည်သူများက မြန်မာအီလက်ထရောနစ် (MEVM) မဲပေးစက် အသုံးပြု၍ မဲပေးခြင်း၊ မဲရလဒ်များ ထုတ်ယူကြည့်ရှုစစ်ဆေးခြင်းစသည့် မဲပေးပုံအဆင့်ဆင့်ကို ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မနောမြေ (ပြန်/ဆက်)