ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

စစ်တွေ        နိုဝင်ဘာ  ၁၃

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်း ကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဘောလုံးကွင်း ရပ်ကွက်သို့ သွားရောက်ပြီး ရပ်ကွက်ဓမ္မာရုံအား ပြုပြင်မွမ်းမံခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရန် ကြည့်ရှုစစ်ဆေးကြရာ စစ်တွေမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လိုက်လံရှင်းလင်း တင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ဆက်လက်၍ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ ကျောင်းကြီးလမ်းရပ်ကွက် ဓမ္မာရုံအားပြုပြင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရန်သွား ရောက်ကြည့်ရှုကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ ပြည်တွင်း၊ ပြည်ပသာသနာပြု မဟာဇေယျသိဒ္ဓိအဓိဌာန် ဆရာတော်ကြီးအားဖူးမြော်ကြပြီး ရန်ကုန်-စစ်တွေအဝေးပြေး ကားလမ်းမကြီးမှ မဟာဇေယျသိဒ္ဓိအဓိဌာန်ဘုန်းတော်ကြီးကျောင်းသို့ လမ်းဖောက်လုပ်နိုင်ရေး ဆောင်ရွက်နေမှုနှင့်ပတ်သက်၍ လျောက်ထားကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မဟာဇေယျသိဒ္ဓိအဓိဌာန်ကျောင်းသို့ ဖောက်လုပ်မည့်လမ်းမြေနေရာအား သွားရောက်ကြည့်ရှုစ်စဆေးကြရာ မြေစာရင်းဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက မဟာဇေယျသိဒ္ဓိအဓိဌာန်ကျောင်းသို့ လမ်းဖောက်လုပ်ဆောင်ရွက်မည့် လျာထားမြေနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက လမ်းဖောက်လုပ်မည့်မြေအား အလှူရှင်မှ လှူဒါန်းထားမှုနှင့်ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများကို ဖြည့်စွက် ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ပြီးညှိနှိုင်းပေးခဲ့ပြီး လုပ်ထုံး၊ လုပ်နည်းများနှင့်အညီ စနစ်တကျဆောင်ရွက်သွားကြ ရန်မှာကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ရွာကြီးမြောက်ရပ်ကွက် ဓမ္မာရုံ၊ ရပ်ကွပ်အုပ်ချုပ်ရေးမှူးရုံးနှင့် ရပ်ကွက်နေပြည်သူများ အသုံးပြုလျက်ရှိသော ဟင်္သာကန်တို့အား ပြုပြင်မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နိုင်ရေး သွားရောက်ကြည့်ရှု စစ်ဆေးကြရာ စစ်တွေမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ဓမ္မာရုံအား ပြုပြင်ရန်လိုအပ်သော နေရာများနှင့် ရေကန်လုံခြုံရေးအတွက် ပြုပြင်ရန်လိုအပ်ချက်များကို လိုက်လံရှင်းလင်းတင်ပြကြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ပြီးညှိနှိုင်းပေးပြီး ဟင်္သာကန် မှရေကို ရပ်ကွက်နေပြည်သူများ အသုံးပြုနေကြသည့်အတွက် ရေကန်နှင့်အနီး ပတ်ဝန်းကျင်သန့်ရှင်းသာယာရေးအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပြည်သူများပူးပေါင်းကာ စနစ်တကျထိန်းသိမ်းဆောင်ရွက်သွားကြရန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)ဓာတ်ပုံ- ဝင်းမင်းစိုး