ကိုကိုးကျွန်း နိုဝင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကိုကိုးကျွန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားကို ယနေ့နံနက်ပိုင်း၌ ကိုကိုးကျွန်းမြို့နယ်အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူများမှ ဇာတိမာန်သီချင်းသီဆို၍ အခမ်းအနားကို စတင်ဖွင့်လှစ်ခဲ့ပြီး ကိုကိုးကျွန်းမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညီညီစောမှ အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းဇော်က ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် ပုံပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ အေရိုးဗစ်ပြိုင်ပွဲ၊ ခါးလှည့်ကွင်းပြိုင်ပွဲ၊ သုံးချောင်းထောင့်အပြေးပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ လူငယ်စကားဝိုင်းစသည့်အကြောင်းအရာများကို စာဖတ်ရှိန်လှုပ်ရှားမှုအဖြစ် ယှဉ်ပြိုင်ခဲ့ကြကြောင်းသိရသည်။
ထို့နောက် အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားတွင် ဆုရရှိသူများကို တာဝန်ရှိသူများမှ ဆုများပေးအပ်ခဲ့ကြောင်းသိရသည်။ ဆက်လက်၍ မြို့နယ်ပညာရေးမှူးဒေါ်ခင်အေးနိုင်မှ ကျေးဇူးတင်စကားပြောကြားပြီး ကျောင်းသား၊ကျောင်းသူများမှ လုလင်ငယ်သွေးသီချင်းဖြင့် ကပြဖျော် ဖြေခဲ့ကြောင်းသိရသည်။
အခမ်းနားသို့ တက်ရောက်လာသောဧည့်ပရိသတ်အပေါင်းတို့က ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်နှင့် ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်၊ မူးယစ်ဆေးဝါးပပျောက်ရေးအသိပညာပေးနံရံကပ်စာစောင်၊ စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှု နံရံကပ်စာစောင်၊ သဘာဝဘေးအန္တရာယ်အသိပညာပေးနံရံကပ်စာစောင်၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး နံရံကပ်စာစောင်များကိုစိတ်ပါဝင်စားစွာဖြင့် ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဇော်(ပြန်/ဆက်)