မြစ်ကြီးနား နိုဝင်ဘာ ၁၃
အသေးစားကုန်ထုတ်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းလုပ်ငန်းများအတွက် နည်းပညာများပေးခြင်း၊ ရင်းနှီးမတည်ရန် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို နိုဝင်ဘာလ ၁၁ ရက် မွန်းလွဲ ၁ နာရီက ကချင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လေ့ကျင့်ပျိုးထောင်ရေးသင်တန်းခန်းမတွင် ကျင်းပခဲ့သည်။
ရှေ့ဦးစွာ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမျိုးဆွေက မြစ်ကြီးနားမြို့နယ် (ပ.လ.န) ကျေးရွာတွင် လူငယ်များ အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးနိုင်ရေးအတွက် တန်ဖိုး မြှင့်စားသောက်ကုန် (Snack) သင်တန်း၊ စီတာပူရပ်ကွက်တွင် အသေးစား၊ အငယ်စား၊ စီးပွားရေး လုပ်ငန်းများ ပေါ်ထွန်းလာစေရေးအတွက် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းနှင့် ရမ်ပူရပ်ကွက်တွင် မော်တော်ဆိုင်ကယ်ပြုပြင် ထိန်းသိမ်းနည်းပညာသင်တန်းတို့ကို အခြေခံနှင့် မွမ်းမံများ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး ကိုယ်ပိုင်လုပ်ငန်းထူထောင်လိုသူများအား ကျွမ်းကျင်သော သင်တန်းနည်းပြများဖြင့် စာတွေ့/ လက်တွေ့ ထပ်မံသင်ကြားပေးခဲ့ပါကြောင်း၊ ထို့ပြင် သင်တန်းသား/သူများအနေဖြင့် နည်းပညာတွေ ရရှိပြီး လုပ်ငန်းဆောင်ရွက်ဖို့အတွက် လိုအပ်သည့် လုပ်ငန်းသုံး ပစ္စည်းများ ကိုလည်း ပေးအပ်သွားမှာဖြစ်ပါကြောင်း၊ ဌာနမှပေးအပ်လိုက်တဲ့ နည်းပညာရပ်များနှင့် လုပ်ငန်းသုံးပစ္စည်းများကို လက်တွေ့အသုံးချခြင်းဖြင့် လုပ်ငန်းငယ်များ ထူထောင်လာနိုင်အောင် ကြိုးစားဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးက မြစ်ကြီးနားမြို့ (ပ.လ.န) ကျေးရွာ၊ စီတာပူရပ်ကွက်နှင့် ရမ်ပူရပ်ကွက်တို့မှ ကိုယ်ပိုင်လုပ်ငန်းထူထောင်လိုသော သင်တန်းသား/သူများအား ဒေသဖွံ့ဖြိုးရေးသုံးပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး ရုံးဝင်းအတွင်း ခင်းကျင်းပြသထားသည့် ဒေသဖွံ့ဖြိုးရေးသုံးပစ္စည်းများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ခရိုင်(ပြန်/ဆက်)