ဟိုပုံး နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် သစ်တော ထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။
အသိပညာပေးဟောပြောပွဲတွင် အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးလေးလွင်က အဖွင့်အမှာစကားပြောကြားပြီးနောက် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သစ်တောဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဇော်လှိုင်ဆွေက မြန်မာနိုင်ငံတွင် တွေ့ရှိရသော သစ်တောအမျိုးအစားများ၊ သစ်တောဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသော သစ်တောသစ်ပင် ပြုစုထိန်းသိမ်းရေး ဆိုင်ရာလုပ်ငန်းများ၊ ရေချို၏အရေးပါပုံနှင့် ရေချိုကိုချွေတာသုံးစွဲရန်လိုအပ်ပုံ၊ ရေသယံဇာတများ ရေရှည်တည်တံ့စေရန် ရေဝေရေလဲဒေသများ ထိန်းသိမ်းရေးနည်းလမ်းများ၊ တောမီးအန္တရာယ်နှင့် ကြိုတင်ကာကွယ်ရေးနည်းလမ်းများစသည့်အကြောင်းအရာများကို ဟောပြောဆွေးနွေးပြီး သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေသည်။
ထို့နောက် မြို့နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်မင်းဦးက မီးခိုးမြူငွေ့အဓိပ္ပာယ်နှင့် မီးခိုးဖြစ်ပေါ်လာပုံ၊ မီးခိုးမြူငွေ့အမျိုးအစားများနှင့်ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊ အမှိုက်စိုများဖြစ်သော မီးဖိုချောင်ထွက်ပစ္စည်းများနှင့် တစ်ကိုယ်ရေသုံးသန့်ရှင်းရေး ပစ္စည်းများအတွက် အစိမ်းရောင်အမှိုက်ပုံးတွင်လည်းကောင်း၊ အမှိုက်ခြောက်များဖြစ်သော စက္ကူ၊ ကတ်ထူစက္ကူ၊ သံတိုသံစ၊ ပိတ်စ၊ သစ်သားစ စသည့် စွန့်ပစ်ပစ္စည်းများအတွက် အဝါရောင်အမှိုက်ပုံး တွင်လည်းကောင်း၊ ပလတ်စတစ်အမှိုက်များဖြစ်သော ပလတ်စတစ်သုံးပစ္စည်းများအား အပြာရောင်အမှိုက်ပုံးတွင်လည်းကောင်း၊ အီလက်ထရွန်နစ် စွန့်ပစ်ပစ္စည်းများ၊ မီးလုံး၊ အင်းဆက်ဖျန်းဆေးရည်များ၊ အိမ်သုံးဓာတု စွန့်ပစ်ပစ္စည်းများအစရှိသည့် ဘေးအန္တရာယ်ရှိအမှိုက်များအတွက် အနီရောင်အမှိုက်ပုံးတွင်လည်းကောင်း စွန့်ပစ်ရမည်ဖြစ်ကြောင်း အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေး ဟောပြောဆွေးနွေးခဲ့ကြပြီးနောက် မီးခိုးမြူငွေ့အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကာ တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)