တပ်ကုန်းမြို့နယ်၌ ယခုနှစ်ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နှမ်း ၁၁၃၆၇ ဧကလျာထားစိုက်ပျိုး

တပ်ကုန်း နိုဝင်ဘာ ၁၂

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ်တွင် ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီ၌ နှမ်း ၁၁၃၆၇ဧက လျာထားစိုက်ပျိုးလျက်ရှိပြီး၊ တောင်သူများ နှမ်းသီးနှံစိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်ရန်နှင့် အခက်အခဲမရှိအဆင်ပြေစွာစိုက်ပျိုးနိုင်ရေး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက စိုက်ပျိုးရေးဆိုင်ရာနည်းပညာများ ပံ့ပိုးကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

“ဒီနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီမှာ မြို့နယ်အတွင်း ဆီထွက်သီးနှံ နှမ်းကို ၁၁၃၆၇ ဧက စိုက်ပျိုး ဖို့ လျာထားပါတယ်။ လျာထားဧကပြည့်မီအောင် စိုက်ပျိုးနိုင်ဖို့ဆောင်ရွက်နေပါတယ်၊ နှမ်းစိုက် ပျိုးတာနဲ့ပတ်သက်ပြီး တောင်သူတွေ အခက်အခဲမရှိစိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းများတိုးတက်စေရေး၊ စိုက်ပျိုးရေးဆိုင်ရာအသိပညာပေးလုပ်ငန်းတွေကို ကွင်းဆင်းကြီးကြပ်ဆောင်ရွက်ပေးပါတယ်၊ ဒီဒေသမှာက ဆီထွက်သီးနှံစိုက်ပျိုးမှုအနေနဲ့ကတော့ အောင်မြင်တဲ့အနေအထားမှာရှိပါတယ်”ဟု မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းပညာပေးဝန်ထမ်းတစ်ဦးက ပြောပြသည်။

တပ်ကုန်းမြို့နယ်တွင် နှမ်းစိုက်ပျိုးတောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက နှမ်းစိုက်ဧကတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ အထွက်နှုန်းကောင်းမွန်သည့် မျိုးကောင်းမျိုးသန့်များရွေးချယ်စိုက်ပျိုးရေး၊ ဘက်စုံသီးနှံပိုးမွှားရောဂါကာကွယ်နှိမ်နင်းရေးစသည့် တောင်သူပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နှမ်းအထွက်နှုန်းတိုးတက်အောင် စိုက်ပျိုးနိုင်ပါက ဒေသတွင်းဆီစားသုံးမှုဖူလုံစေမည့်အပြင် ပိုလျှံမှုကို ပြည်ပပို့ကုန်အဖြစ် တင်ပို့ရောင်းချနိုင်မည်ဖြစ်၍ဝင်ငွေရရှိကာ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သောကြောင့် နှမ်းကိုဒေသမရွေးတိုးချဲ့ စိုက်ပျိုးနိုင်ရေးကြိုးပမ်းသင့်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ကွင်းပညာပေးဝန်ထမ်းတစ်ဦးက ထပ်မံပြောပြအရ သိရသည်။

တင်စိုးလွင်