နေပြည်တော်၌ မြန်မာသတင်းမီဒီယာသမားများအတွက် ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ် မိတ်ဆက်ခြင်းနှင့် ဖြန့်ဝေခြင်းအခမ်းအနား ကျင်းပ

နေပြည်တော် နိုဝင်ဘာ ၁၂

မြန်မာသတင်းမီဒီယာသမားများအတွက် ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန်စာအုပ် မိတ်ဆက်ခြင်းနှင့် ဖြန့်ဝေခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

ဦးစွာ မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦးက စာအုပ်ဖြစ်မြောက်ရေး အတွက် စီစဉ်ဆောင်ရွက်ခဲ့များနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်ထံ မြန်မာသတင်းမီဒီယာသမားများအတွက် ၂၀၂၅ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲဆိုင်ရာ လမ်းညွှန် စာအုပ်များကို ပေးအပ်သည်။

ထို့နောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီ ဒုတိယဥက္ကဋ္ဌ(၂) ဦးခင်မောင်ကျော်ဒင်နှင့် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင် နေပြည်တော်တာဝန်ခံ ဒေါက်တာစန်းဦးတို့က အထွထွေရွေးကောက်ပွဲဆိုင်ရာလမ်းညွှန်စာအုပ်နှင့် ပတ်သက်၍ အသီးသီးရှင်းလင်းပြောကြားကြပြီး ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြား ရေးမှူး ဒေါ်သင်းသင်းဇင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။

ယင်းနောက် မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ပျဉ်းမနားမြို့နယ် ပြည်သူ့စာကြည့်တိုက်အတွင်း Mini Museum ခင်းကျင်းပြသထားရှိမှုနှင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးနေမှုအခြေအနေများကို ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။ 

အဆိုပါစာအုပ်တွင် အခန်းသုံးခန်းပါဝင်ပြီး မြန်မာသတင်းမီဒီယာများအတွက် အထွေထွေရွေးကောက်ပွဲဆိုင်ရာလမ်းညွှန်၊ မြန်မာသတင်းမီဒီယာများအတွက် အထွေထွေရွေးကောက်ပွဲဆိုင်ရာ သိမှတ်ဖွယ်ရာများ ပြည်တွင်း/ ပြည်ပသတင်းမီဒီယာများ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် သတင်းရယူခွင့်လျှောက်ထားနိုင်ခြင်းနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံ ဆက်သွယ်နိုင်သော ဖုန်းနံပါတ်များ၊ မှတ်ပုံတင်ခွင့်ပြုပြီး တည်ဆဲနိုင်ငံရေးပါတီများနှင့် ဆက်သွယ် နိုင်သောအကြောင်းအရာများ ပါဝင်ပြီး လမ်းညွှန်စာအုပ်အား နိုင်ငံတစ်ဝန်ရှိ သတင်းမီဒီယာများထံ ရောက်ရှိရန် တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)