မိုင်းပျဉ်းမြို့နယ်ရှိ ကျေးရွာများသို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

မိုင်းပျဉ်း နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်ရှိ ကျေးရွာများသို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခြင်းကို မြို့နယ်အုပ်ချုပ်ရေးမှူးနှင့်အတူ ဌာနဆိုင်ရာများ လိုက်ပါ၍ ဝမ်တာခက်ကျေးရွာအုပ်စု၊ ဝမ်ဖျစ်ကျေးရွာအုပ်စုနှင့် ဟောင်ကန်ကျေးရွာအုပ်စုတို့တွင် ယမန်နေ့နံနက်ပိုင်းက သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ရာ၌  ဝမ်တာခက်ကျေးရွာ အုပ်စုအတွင်း မိုင်းပျဉ်း−မက်မန်းလမ်းပေါ်ရှိ နမ့်ခချောင်းတွင် လုပ်ငန်းစတင်ဆောင်ရွက်လျက်ရှိသော ဝမ်တာခက်တံတား တည်ဆောက်နေမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးခြင်း၊ အုပ်စုအတွင်းရှိ မဲရုံများလျာထားမှုအခြေအနေကို ကြည့်ရှုစစ်ဆေးခဲ့ပြီး၊ ဝမ်ဖျစ်ကျေးရွာအုပ်စု ဝမ်ဖျစ်ကျေးရွာ ဘုန်းကြီးကျောင်းနှင့် ဟောင်ကန်ကျေးရွာအုပ်စု၊ ဝမ်မတ်ဘုန်းကြီးကျောင်းတို့တွင် ကျေးရွာမိဘပြည်သူများနှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာကိစ္စများ၊ စိုက်ပျိုးမွေးမြူရေးကိစ္စရပ်များ၊ လမ်းတံတားကိစ္စရပ်များနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးတို့ကို ဆွေးနွေးဟောပြောကြပြီး၊ တက်ရောက်လာသူများမှ မိမိတို့သိရှိလိုသည်များကို ပြန်လည်ဖြေကြားဆွေးနွေးခဲ့ကြကြောင်း  သိရသည်။

ယင်းသို့ ကျေးရွာများ၌ တွေ့ဆုံဆွေးနွေးပွဲအပြီးတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ နေကြာမျိုးစေ့များကို ကျေးရွာစိုက်ပျိုးရေးတောင်သူများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

နန်းသန္တာဦး