လားရှိုးမြို့တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပ

လားရှိုး နိုဝင်ဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ကျပန်းစကားပြောပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီက လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပသည်။

ရှေ့ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွဲဖက်ပြည်နယ်ရုံး လားရှိုးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ကျပန်းစကားပြောပြိုင်ပွဲကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် လားရှိုးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ စုစုပေါင်း ၂၁ ဦးက ပြိုင်ပွဲအမှတ်စဉ် မဲနှိုက်ခြင်းဖြင့်လည်းကောင်း၊  “အသိပညာတိုးစေ သုတစာပေ"၊ “‌မေတ္တာပွားစေ ကဗျာစာပေ"၊ “နှလုံးသားလှစေ ရသစာပေ" စသည့်ခေါင်းစဉ်များအား မဲနှိုက်ခြင်းဖြင့်လည်းကောင်း အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။

အဆိုပါ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အမှတ် ၆ အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး အကြိုပြိုင်ပွဲများအနေဖြင့် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် စာစီစာကုံးပြိုင်ပွဲအား ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။

ခရိုင် (ပြန်/ဆက်)