လွိုင်လင် နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ခွင့်ပြုရန်ပုံငွေဖြင့် ခရိုင်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးကော်မတီ၏ ကြီးကြပ်မှုနှင့် ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ယမန်နေ့က လွိုင်လင်မြို့၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပခဲ့ရာ အဆိုပါ ပွဲတော်သို့ လာရောက်ပါဝင်ခဲ့ကြသူများ၏ စကားသံများကို ဤသို့ကြားသိရပါသည် -
ဒေါ်မျိုးမျိုးသွယ် လက်ထောက်ညွှန်ကြားရေးမှူး
ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန
ကျွန်မတို့ ဒီကနေ့ပွဲတော်ကို ဒုတိယအကြိမ်မြောက် ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်က ကျောင်းသားကျောင်းသူတွေအနေနဲ့ စာအုပ်စာပေတွေကို ချစ်မြတ်နိုးတန်ဖိုးထားတတ်စေဖို့ရယ်၊ စာဖတ်တဲ့ အလေ့အကျင့်ကောင်းတွေ ရရှိလာစေဖို့၊ စာကြည့်တိုက် ယဉ်ကျေးမှုထွန်းကားလာစေဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ အခုလို ဒီပွဲတော်ကျင်းပရခြင်းဖြစ်ပါတယ်။
မဆောင်းရတီ(Grade – 10)
အ.ထ.က(၂)- လွိုင်လင်
ဒီကနေ့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပတဲ့ စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်မှာ ကျွန်မပါဝင်ခွင့်ရတဲ့အတွက် အင်မတန်ပျော်ရွှင်မိပါတယ်၊ ဒီပွဲမှာ ကျပန်းစကားပြော ပြိုင်ပွဲဝင်ပါတယ်။ ကျွန်မပြောရတဲ့ခေါင်းစဉ်က သမီးရောက်ဖူးတဲ့ စာကြည့်တိုက် အကြောင်းဖြစ်ပါတယ်၊ စာကြည့်တိုက်အကြောင်းပြောရမယ်ဆိုတော့ သမီးအလွန် ကျေနပ်သွားရပါတယ်ရှင်၊ ကျွန်မတို့ကျောင်းမှာ ဒီလိုစာဖတ်ရှိန်မြှင့် တင်ရေးပွဲတော်တွေ ဆက်လက်ကျင်းပပေးနိုင်ပါစေလို့ ကျွန်မ မျှော်လင့်မိပါတယ်၊ အားလုံးကို ကျေးဇူး တင်ပါတယ်ရှင်။
မနှင်းသဇင်မျိုးမြတ်(Grade – 10)
အ.ထ.က - ၃ (လွိုင်လင် )
သမီးယှဉ်ပြိုင်ရတာက ဉာဏ်စမ်းပဟေဠိပြိုင်ပွဲဖြစ်ပါတယ်ရှင်၊ ဒီဉာဏ်စမ်းပဟေဠိပြိုင်ပွဲဟာဆိုရင် ဗဟုသုတမျိုးစုံ ရရှိစေပါတယ်၊ လူကြီး လူငယ်မရွေးသိရှိနိုင်တဲ့ ဗဟုသုတတွေ၊ ကိုယ့်နိုင်ငံအကြောင်း၊ အခြားနိုင်ငံဆိုင်ရာအကြောင်း ဗဟုသုတတွေပါဝင်ပါတယ်ရှင်၊ သမီးဝင်ရောက်ယှဉ်ပြိုင်တဲ့ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲအပြင် စာကြည့်တိုက်ပြပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ အစရှိတဲ့ပြိုင်ပွဲများစွာ ပါဝင်တာကို တွေ့ရပါတယ်ရှင်၊ အခု ဉာဏ်စမ်းပဟေဠိပြိုင်ပွဲမှာ ဆိုလို့ရှိရင် သူတို့မေးတဲ့ မေးခွန်းတွေမှာ ပြိုင်ပွဲဝင်တစ်ဦးကို မေးခွန်း (၅)ခုပေးပါတယ်၊ အဲဒီမှာ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့မေးခွန်း၊ နိုင်ငံတကာနဲ့ပတ်သက်တဲ့ မေးခွန်းတွေ မေးပါတယ်ရှင်၊ သမီးကိုမေးတဲ့ အလှည့်ကျမေးခွန်း(၅)ခုစလုံးကို ဖြေဆိုနိုင်ခဲ့ပါတယ်ရှင်၊ ဆုရရှိမယ်လို့လည်း မျှော်လင့်မိပါတယ်ရှင်။
မောင်ကျော်ဘုန်းခန့် (Grade – 5)
(အ.လ.က ၁ လွိုင်လင်)
၂၀၂၅ ခုနှစ် (၂၆)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ(နိုင်ငံတော်အဆင့်)မှာ ပထမဆုရရှိခဲ့တဲ့ အမှတ်(၁)အခြေခံပညာအလယ်တန်းကျောင်း၊ လွိုင်လင်မှ Grade – 5 ကျောင်းသားလေးပဲ ဖြစ်ပါတယ်ခင်ဗျ၊ ဒီကနေ့စာဖတ်ရှိန်မြှင့်တင်ရေးပွဲမှာ ပုံပြင်ပြောပါဝင် ယှဉ်ပြိုင်ခွင့်ရရှိတဲ့အတွက် များစွာဝမ်းသာဂုဏ်ယူ မိပါတယ် သားသူငယ်ချင်းတွေလည်း ပါဝင်ယှဉ်ပြိုင်ခွင့်ရပါတယ်၊ စာစီစာကုံးရေးတဲ့သူတွေလည်းပါတယ်၊ ကဗျာပြောတဲ့သူတွေလည်း ပါပါတယ်ခင်ဗျာ၊ ပုံပြင်ပြော၊ အားကစားပြိုင်ပွဲဝင်သူတွေလည်းပါပါတယ်၊ ပုံပြင်ပြောပြိုင်ပွဲမှာ သားအနေနဲ့ဆုရရှိမယ်လို့ မျှော်လင့်မိပါတယ်၊ ကိုယ့်ကိုကိုယ်လည်းယုံကြည်ပါတယ် ခင်ဗျာ၊ ဒီမှာယှဉ်ပြိုင်ခွင့်ရတဲ့အတွက် သားမသိသေးတဲ့ ဗဟုသုတတွေ အများကြီး ရရှိခဲ့ပါတယ်။
မဆုလဲ့သဒ္ဒါ
အ.ထ.က-၂ (လွိုင်လင်)
ကျွန်မကတော့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ Grade – 12 ကျောင်းသူဖြစ်ပါတယ်ရှင်၊ ကျွန်မတို့ရဲ့ အ.ထ.က(၂) ကျောင်းမှာကျင်းပတဲ့ စာကြည့်တိုက်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှာ ပါဝင်ခွင့်ရတဲ့အတွက် များစွာဝမ်းမြောက်ဂုဏ်ယူမိပါတယ်ရှင်၊ ဒီပွဲတော်ကျင်းပတဲ့အထဲ ကျွန်မရောက်ရှိတဲ့အခါ အားကစားကဏ္ဍတွေစာဖတ်ရှိန်မြှင့်တင်ရေး ဉာဏစွမ်းရည်ပြိုင်ပွဲတွေနဲ့ ကာယစွမ်းရည်ပြိုင်ပွဲတွေ ကျင်းပနေတာတွေ့ရပါတယ်၊ ကျွန်မအားလုံးကို လှည့်လည်ကြည့်ရူပြီးခဲ့ပါတယ်။ ဒါ့အပြင် ကျန်းမာရေးအသိပညာပေးပြခန်းတွေ၊ မီးသတ်တပ်ဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ပြခန်းတွေကိုလည်း ပြသထားတာြမင်တွေ့ရတဲ့အခါ ဗဟုသုတတွေများစွာတိုးပွားရရှိခဲ့ပါတယ်ရှင်။ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျင်းပပေးတာက စာဖတ်တာတစ်ခုတည်း တိုးတက်စေတာ မဟုတ်ဘဲနဲ့ အားကစားပြိုင်ပွဲတွေကိုပါ ထည့်သွင်းတဲ့အတွက် ကာယဗလဖွံ့ဖြိုးစေဖို့ အစပျိုးပေးလိုက်သလိုဖြစ်ပြီး ဉာဏ် စမ်း ပဟေဠိပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနဲ့ ပုံပြင်ပြောပြိုင်ပွဲတွေကလည်း ဉာဏဗလကို ဖွံ့ဖြိုးတိုးတက် စေဖို့ ရည်ရွယ်တယ်လို့ ကျွန်မထင်မြင်မိပါတယ်။ ကျွန်မက ကျပန်းစကားပြောပြိုင်ပွဲမှာ ဝင်ရောက်ယှဉ် ပြိုင်ခဲ့ပါတယ်၊ အရင်တုန်းကတည်းက ကျပန်းစကားပြောပြိုင်ခြင်ခဲ့တာပါ ဒါပေမယ့် အခုခေတ်မှာ ကျပန်း စကားပြောပြိုင်ပွဲက ရှားပါးသွားပါပြီ ဘာဖြစ်လို့လည်းဆိုတော့ စာစီစာကုံး၊ ကဗျာပြိုင်ပွဲတွေများတာကို တွေ့ရှိရပါတယ်ရှင်။ နောင်နှစ်တွေမှာလည်း ဒီလိုပွဲတော် ဒီလိုပြိုင်ပွဲတွေ ပြုလုပ်ပေးခြင်းအားဖြင့် လူငယ်တွေ ဗလငါးတန် ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် အစပြုပေးလိုက်တယ်လို့ မြင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်ရှင်။
မမေဘုန်းမဥ္ဇူ (အ.ထ.က - ၁၊ လွိုင်လင်)
Grade- 11(နှစ်ထပ်ကွမ်း လူရည်ချွန်)
သမီးကတော့ စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မှာ အခုလိုပါဝင် ဆင်နွှဲရတဲ့အတွက် ဝမ်းမြောက် ဂုဏ်ယူမိပါတယ်၊ ကျပန်းစကားပြောပြိုင်ပွဲတွေ၊ ပုံပြင်ပြောပြိုင်ပွဲတွေ၊ ပဟေဠိပြိုင်ပွဲတွေ စသဖြင့် ပြိုင်ပွဲမျိုးစုံတွေ့ရပါတယ်ရှင်၊ အဲတာတွေကို ပြိုင်ဖို့အတွက် ကျောင်းသား ကျောင်းသူတွေက စာပေတွေ အများကြီးလေ့လာဖတ်ရူရပါတယ်ရှင်၊ ဒီပွဲကိုကျင်းပပေးရတဲ့ ရည်ရွယ်ချက်ကလည်း စာဖတ်ရှိန်မြှင့်တင်ရေးဖြစ်တာကြောင့်မို့လို့ ကျောင်းသားကျောင်းသူတွေ စာကိုပိုပြီးဖတ်ဖြစ်ကြပါ တယ်ရှင် ဗဟုသုတတွေလည်း ပိုတိုးလာစေပါတယ်။
နန်းအိအိထွေး (Grade– 12၊ သုံးထပ်ကွမ်း လူရည်ချွန်)
အ.ထ.က - ၁(ပင်လုံ)
ဒီကနေ့ကျင်းပတဲ့ စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်က လူငယ်တွေအတွက် တကယ်ကို ကောင်းပါတယ်ရှင်၊ ကျောင်းသူတစ်ယောက်အနေနဲ့သဘောကျနှစ်သက်မိပါတယ်။ ကာယစွမ်းရည်ပြိုင်ပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲတွေ ပါဝင်တာကြောင့် ကျောင်းသားကျောင်းသူလူငယ်တွေအနေနဲ့ ဝင်ရောက် ယှဉ်ပြိုင်နိုင်ဖို့ ပြိုင်ပွဲမှာ သူတို့ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် ပြိုင်ပွဲနဲ့သက်ဆိုင်တဲ့စာအုပ်တွေကို ရှာဖွေဖတ်ရှုရပါမယ်။ ဉာဏပြိုင်ပွဲမျိုးဆိုရင် စာအုပ်များများဖတ်ရှုလေ့လာသူက အနိုင်ရရှိမှာ ဖြစ်ပါတယ်ရှင်။ ဒီပွဲတော်မှာ ကျွန်မအနှစ်သက်ဆုံးက လူငယ်စကားဝိုင်းပဲ ဖြစ်ပါတယ်ရှင်။ ဘာကြောင့်လဲဆိုတော့ ဒီလူငယ်စကားဝိုင်းမှာ လူငယ်တွေရဲ့ အသိပညာတွေ အချင်းချင်းဖလှယ်ခွင့်ရကြတယ် သူတို့ဖတ်ရူရတဲ့ စာအုပ်အကြောင်း၊ သူတို့နှစ်သက် သဘောကျတဲ့အကြောင်းအရာတွေ၊ သူတို့ရဲ့ အသိအမြင် ဗဟုသုတတွေ ဖလှယ်ခွင့်ရကြတယ် အနာဂတ်မှာ သူတို့စွမ်းဆောင်ချင်တဲ့အရာတွေကို သူတို့ ဖော်ထုတ်ဖလှယ်ခွင့်ရကြတယ်။ အဲသလိုကြောင့်မို့ လူငယ်တွေအတွက် အခုလို စကားဝိုင်းကျင်းပပေးတာ အင်မတန်အကျိုးရှိစေတာကြောင့် သမီးတို့ ဘဝတူ လူငယ်တွေအားလုံးအနေနဲ့ စာဖတ်ရှိန်မြှင့်တင် ရေးပွဲတော်မှာ အတူတကွပါဝင်ဆင်နွဲစေချင်ပါတယ်လို့ ပြောကြားချင်ပါတယ်ရှင့်။
မောင်ထင်အောင်ဝင်း (Grade – 12၊ နှစ်ထပ်ကွမ်း လူရည်ချွန်)
အ.ထ.က - ၁ (ပင်လုံ)
ဒီကနေ့ကျင်းပတဲ့ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့်စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ကျွန်တော် လာရောက် ပါဝင်ခွင့်ရတဲ့အတွက် အသိပညာဗဟုသုတတွေများစွာ ရရှိစေပါတယ်ခင်ဗျာ။ ကာယစွမ်းရည်ပြိုင်ပွဲမှာ ပြေးခုန်ပစ်၊ မီတာ ၁၀၀၊ မီတာ ၄၀၀၊ အာလူးကောက်၊ ဆန်ကောရွက်ပြိုင်ပွဲတွေ ပါဝင်တာကို တွေ့ရပါတယ်ခင်ဗျ။ ဉာဏစွမ်းရည်ပြိုင်ပွဲမှာ ကျပန်းစကားပြော၊စာစီစာကုံး၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲနဲ့ ကဗျာရွတ်ဆိုပြိုင်ပွဲတွေလည်း ပါဝင်တာကိုတွေ့ရပါတယ်၊ ကျွန်တော်အနေနဲ့ ဒီစာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဟာ ဒုတိယအကြိမ် ပါဝင်ဆင်နွှဲရခြင်းဖြစ်ပြီး နောင်လာမယ့်နှစ်တွေမှာလည်း ဆက်လက်ပါဝင် လေ့လာဆင်နွှဲချင်ပါတယ် ခင်ဗျာ။
တွေ့ဆုံမေးမြန်းသူ - စိုင်းဇော်လတ် (ပြန်/ဆက်)