လားရှိုး နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လားရှိုးခရိုင်ရုံးနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ပုံပြင်ပြောပြိုင်ပွဲကို ယမန်နေ့နံနက် ၉ နာရီက လားရှိုးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ရှိ ဘက်စုံသုံးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တွဲဖက်ပြည်နယ်ရုံးလားရှိုးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်ဌေးအောင်က စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အကြို ပုံပြင်ပြောပြိုင်ပွဲကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအား ရှင်းလင်းပြောကြားသည်။
ထို့နောက် ပြိုင်ပွဲတွင်ဝင်ရောက်ယှဉ်ပြိုင်မည့် လားရှိုးမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် ကျောင်းများမှ မူလတန်းအဆင့်ကျောင်းသားကျောင်းသူ စုစုပေါင်း ၂၉ ဦးက ပြိုင်ပွဲအမှတ်စဉ်မဲနှိုက်၍မိမိတို့ကြိုက်နှစ်သက်သည့် ပုံပြင်များဖြင့် အသီးသီးဝင်ရောက် ယှဉ်ပြိုင်ခဲ့သည်။
အဆိုပါ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အား နိုဝင်ဘာလ ၁၈ ရက်နေ့တွင် အမှတ် ၆ အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပြီး အကြိုပြိုင်ပွဲများအနေဖြင့် နိုဝင်ဘာလ ၁၂ ရက်နေ့မှ ၁၃ ရက်နေ့အထိ ကျပန်းစကား ပြောပြိုင်ပွဲနှင့်စာစီစာကုံးပြိုင်ပွဲများအား ဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သိရသည်။
ခရိုင်(ပြန်/ဆက်)