လွိုင်လင်မြို့၌ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲကျင်းပ

လွိုင်လင် နိုဝင်ဘာ  ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊လွိုင်လင်ခရိုင် လွိုင်လင်မြို့ အမှတ်(၂) အခြေခံပညာကျောင်းတွင် ကျင်းပ လျက်ရှိသော စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ဆုချီးမြှင့်ပွဲအခမ်း အနားကို ယနေ့ ညနေ ၃ နာရီက အဆိုပါကျောင်း သံလွင်ဆောင်၌ ကျင်းပသည်။

အခမ်းအနားကို ပန်းပျိုးလက်ကိုယ်ပိုင်အထက်တန်းကျောင်း (ပင်လုံ)၊ ကျောင်းသား ကျောင်းသူများက မင်္ဂလာပါသီချင်းဖြင့် ဖျော်ဖြေ၍ ဖွင့်လှစ်ပါသည်။ ယင်းနောက် လွိုင်လင်ခရိုင် စာကြည့်တိုက်များဖွံ့ဖြိုး တိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌဦးကြည်မြင့်က အမှာစကားပြောကြားသည်။ ထို့နောက် ကျေးရွာစာကြည့်တိုက်များအတွက် စာအုပ်စာစောင်များဝယ်ယူရန် လွိုင်လင်တပ်နယ်မှူးမှ လှူဒါန်းငွေကျပ်ငါးသိန်း၊ ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် ခရိုင်/မြို့နယ်အမျိုး သမီးရေးရာအဖွဲ့တို့က အလှူငွေကျပ်ငါးသောင်းစီကိုလှူဒါန်းကြရာ တာဝန်ရှိသူများကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။ ထို့နောက်ဆုချီးမြှင့်ခြင်းအစီအစဉ်ကိုကျင်းပရာ ဉာဏစွမ်းရည်ပြိုင်ပွဲများတွင် ပထမ၊ဒုတိယ၊တတိယနှင့်နှစ်သိမ့်ဆု ရရှိကြသည့် ကျောင်းသားကျောင်းသူများအား ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများချီးမြှင့်ပသည်။ ထို့နောက် အ.ထ.က(၁)လွိုင်လင်၊ အ.ထ.က (၂)လွိုင်လင်နှင့် ပင်လုံကိုယ်ပိုင်ကျောင်းတို့မှ  ကျောင်းသားကျောင်းသူများက တေးသီချင်းသရုပ်ဖော် ကပြဖျော်ဖြေပြီး အခမ်းအနားကိုအောင်မြင်စွာ ပြီးမြောက်ခဲ့ကြောင်း သိရသည်။

လွိုင်လင်ခရိုင်(ပြန်/ဆက်)