မိုင်းပျဉ်း နိုဝင်ဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့၌ အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ပိန်းဆန်းရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့် မြို့လယ်ဓမ္မာရုံတို့၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပိန်းဆန်းရပ်ကွက်တွင် အုပ်ချုပ်ရေးမှူး ဦးသုမနကလည်းကောင်းနှင့် မြို့လယ်ဓမ္မာရုံ၌ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုင်းဆောစိန်ကလည်းကောင်း အဖွင့်အမှာစကားပြောကြားကြသည်။ ဆက်လက်၍ ကျန်းမာရေးဦးစီးဌာနမှ ဒေါ်ပပထိုက်နှင့် ဒေါ်နန်းဝိုးနွဲ့တို့က အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ အကြောင်းအရာများကိုလည်းကောင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုင်းတုံခရိုင်မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က အာဟာရနှင့်ကျန်းမာရေးဆိုင်ရာ အမူအကျင့်ပြောင်းလဲရေး အသိပညာပေးအကြောင်းကို စုံလင်စွာဆွေးနွေးဟောပြောခဲ့ကြသည်။ ထို့နောက် လူမှုဝန်ထမ်းဦးစီးဌာန၊ ကျိုင်းတုံခရိုင်မှ ဟောပြောပွဲများသို့ တက်ရောက်လာကြသော မိုင်ပျဉ်းမြို့ရှိ ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်(၂)နှစ်အောက်ကလေးငယ်များအား ကြက်ဥအာဟာရများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
အဆိုပါဟောပြောပွဲများ ကျင်းပရာသို့ မိုင်းပျဉ်းမြို့ရှိ ကိုယ်ဝန်ဆောင်မိခင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ကျန်းမာရေးဌာနမှတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်စာရေးများ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်/ဆက်)