ကလောမြို့၌(၂၀)ကြိမ်မြောက်ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပွဲဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ

ကလော      နိုဝင်ဘာ   ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း ကလောခရိုင်ကလောမြို့တွင် (၂၀)ကြိမ်မြောက်မြို့လုံးကျွတ် မဟာတန်ဆောင်တိုင်ရိုးရာမီးရှော်တိုင်နှင့်မီးကြာစံထွန်းညှိပူဇော်ပွဲဆုချီးမြှင့်ခြင်းနှင့်ပိတ်ပွဲအခမ်းအနားကို နိုဝင်ဘာ ၁၀ ရက် ည ၇ နာရီက ကလောမြို့ မောမြေဦးပန်းခြံမီးရှော်တိုင်ကွင်း၌ ကျင်းပသည်။

အခမ်းအနားကို တိုင်းရင်းသား၊တိုင်းရင်းသူအကအဖွဲ့များက "ကလောမြို့ကဖိတ်ခေါ်သံ" သီချင်းဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့ကြပြီး ရိုးရာမီး‌ရှော်တိုင်နှင့်မီးကြာစံပြိုင်ပွဲကျင်းပ‌ရေး ကော်မတီဥက္ကဋ္ဌ၊ ကလောခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်က ဂုဏ်ပြုအမှာစကားပြောကြားသည်။

ဆက်လက်၍ အကြိမ်(၂၀)မြောက် မဟာတန်ဆောင်တိုင်ရိုးရာမီးရှော်တိုင်နှင့် မီးကြာစံထွန်းညှိပူဇော်ပြိုင်ပွဲ‌တော်ဖြစ်‌မြောက်‌ရေးအတွက် (၂၅)သိန်းအထက် အလှူငွေထည့်ဝင်လှူဒါန်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ပြီး မီးပုံးပျံငယ်များပြိုင်တူလွှတ်တင်၍ ပိတ်ပွဲအခမ်းအနားရုပ်သိမ်းခဲ့ပြီး အဆိုတော်များက တေးသီချင်းများ သီဆိုဖျော်ဖြေခဲ့ကြသည်။

ထို့နောက်ဆုချီးမြှင့်ခြင်းအခမ်းအနားကိုဆက်လက်ကျင်းပရာ  အကြိမ် (၂၀) မြောက် ရိုးရာမီး‌ရှော်တိုင်နှင့် မီးကြာစံအလှပ‌ဒေသာပြိုင်ပွဲတွင်  ဆုရမီးရှော်တိုင်နှင့်မီးကြာစံအဖွဲ့များအား ကလောတပ်နယ်စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ်ကျော်သူရ၊ ကလောခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌ ဦးစိုးမြင့်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲဆုရရှိအမည်များဖွင့်ဖောက်ကြေညာပေးခဲ့ပြီးဆုများ ပေးအပ်ချီးမြှင့်သည်။

 ကလောမြို့၏ အကြိမ် (၂၀) မြောက် ရိုးရာမီးရှော်တိုင်ပထမဆုကိုရပ်ကွက်(၁၀)ကိုယ်စားပြု ဆောင်းပိုးမီးရှော်တိုင်အဖွဲ့၊ ဒုတိယဆုကိုရပ်ကွက်(၃)ကိုယ်စားပြု kalaw Net မီးရှော်တိုင်အဖွဲ့၊ တတိယဆုကို ရပ်ကွက်(၄)ကိုယ်စားပြု ကြယ်ကြွေမီး‌ရှော်တိုင်၊ နှစ်သိမ့်ဆု(၁)ကို ရပ်ကွက်(၉)ကိုယ်စားပြု ရွှေဥမင်မီးရှော်တိုင်နှင့်နှစ်သိမ့်ဆု(၂)ကို ရပ်ကွက်(၁၁)ကိုယ်စားပြု ပွဲကြိုက်မီးရှော်တိုင်တို့ရရှိခဲ့သည်။(၂၀)ကြိမ်မြောက်ရိုးရာမီးကြာစံအလှ ပ‌ဒေသာပြိုင်ပွဲတွင် ပထမဆုကိုရပ်ကွက်(၁၀)ကိုယ်စားပြု ဆောင်းပိုးအဖွဲ့၊ ဒုတိယဆုကို ရပ်ကွက်(၅)ကိုယ်စားပြုမီးဝိဇ္ဇာအဖွဲ့၊ တတိယဆုကို ပဲရင်းတောင်‌ ကျေးရွာကိုယ်စားပြု ကောင်ခမ်းအဖွဲ့၊ နှစ်သိမ့်ဆု(၁)ကိုရပ်ကွက်(၁၁)ကိုယ်စားပြုပွဲကြိုက်အဖွဲ့နှင့် နှစ်သိမ့်ဆု(၂)ကိုရပ်ကွက် (၈)ကိုယ်စားပြု ဘုံစု(ယံ,ကြွား) အဖွဲ့တို့ရရှိခဲ့သည်။

အဆိုပါပြိုင်ပွဲတွင် ကလောမြို့ပေါ်ရှိရပ်ကွက် (၁၁)ရပ်ကွက်နှင့်ကျေးရွာများမှပြိုင်ပွဲဝင် မီးရှော်တိုင်(၂၁)တိုင်ကို နိုဝင်ဘာ ၅ ရက်နေ့မှ ၉ ရက်အထိ ယှဉ်ပြိုင်ခဲ့ကြောင်းသိရသည်။

ကျော်ဝင်း(ကလော)