နေပြည်တော် နိုဝင်ဘာ ၁၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပသည့် ၂ဝ၂၅-၂ဝ၂၆ ပညာသင်နှစ် ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေး တက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်(ရန်ကုန်၊ စစ်ကိုင်း) ဝင်ခွင့်ရ ကျောင်းသားကျောင်းသူများအား တွေ့ဆုံအားပေး၍ ချီးမြှင့်ငွေပေးအပ်ပွဲ အခမ်းအနားကို တက်ရောက်သည်။
ဦးစွာ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ်နှင့် ပြည်ထောင်စုတိုင်းရင်းသားလူငယ်များစွမ်းရည်ဖွံ့ဖြိုးရေးဒီဂရီကောလိပ်ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူများက တစ်ဦးချင်း မိတ်ဆက်ဂါဝရပြုကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ကျောင်းသားကျောင်းသူများအနေဖြင့် သင်တန်းတက်ရောက်ကြသည့်အခါ သင်တန်းမှချမှတ်ထားသည့် စည်းကမ်းများကိုလိုက်နာကျင့်ကြံ၍ ဘက်စုံထူးချွန်သူများဖြစ်အောင် ကြိုးစားကြရန်၊ တစ်ဦးနှင့်တစ်ဦး ခင်မင်စွာပေါင်းသင်းဆက်ဆံနေထိုင်ကြရန်၊ အခက်အခဲများရှိပါက အတူတကွဖြေရှင်းကာ ညီအကိုမောင်နှမသဖွယ် သွေးစည်းညီညွတ်စွာနေထိုင်ကြရန်လည်း အထူးမှာကြားလိုကြောင်း၊ ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးတက္ကသိုလ်ကို တက်ရောက်ကြမည့် မောင်မယ်တို့အနေဖြင့် ကိုယ်ကျင့်တရား ကောင်းမွန်ရန်နှင့် အကျင့် စာရိတ္တ ကောင်းမွန်ရန်လိုအပ်သည့်အပြင် ၂၁ ရာစုပညာရေး၏ စိန်ခေါ်မှုပြဿနာများကို ဖြေရှင်းနိုင်သောအဆင့်အတန်းမြင့်မားသည့် သင်ယူမှုသင်ကြားမှုဖြစ်အောင် အစဉ်အမြဲကြိုးစား အားထုတ်ရန်၊ နိုင်ငံတော်နှင့်နိုင်ငံသားတို့အားထားရသည့် အသိပညာရှင်၊ အတက်ပညာရှင်ကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ကြရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာအခန်းကဏ္ဍမှကြိုးစားဆောင်ရွက်ကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဝင်ခွင့်ရ ကျောင်းသူ၊ ကျောင်းသား စုစုပေါင်း ၁၄ ဦး အတွက် ချီးမြှင့်ငွေများကိုပေးအပ်ရာ ဝင်ခွင့်ရကျောင်းသား၊ ကျောင်းသူများက လက်ခံရယူပြီး ကျောင်းသားတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)