ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

စစ်တွေ နိုဝင်ဘာ ၁၁

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက စစ်တွေမြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင် ကြည့်ရှုစစ်ဆေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်အဖွဲ့သည် စစ်တွေမြို့၊ ဗုဒ္ဓပြတိုက်သို့သွားရောက်ပြီး ပြတိုက်အတွင်းရှိ ဗုဒ္ဓဆင်းတုတော်များအား ဖူးမြော်၍ ပန်း၊ ဆီမီး၊ ရေချမ်းများကပ်လှူပူဇော်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြတိုက်အတွင်းလှည့်လည်ကြည့်ရှုကြရာ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့်တာဝန်ရှိသူများက လိုက်လံရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ပြတိုက်အတွင်း၊ အပြင်သန့်ရှင်းသာယာရေးနှင့် ပြတိုက်အတွင်းစနစ်တကျခင်းကျင်းပြသနိုင်ရေး ဆောင်ရွက်သွားကြရန်မှာကြားခဲ့သည်။       

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ မင်းဂံရပ်ကွက် ဓမ္မာရုံအားပြုပြင်မွမ်းမံခြင်းလုပ်ငန်းဆောင်ရွက်နိုင်ရေး သွားရောက်ကြည့်ရှုစစ်ဆေးကြရာ စစ်တွေခရိုင်စီမံခန့်ခွဲရေး အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများကလိုက်လံရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်ကလိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ပြီးညှိနှိုင်းပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းဂံဈေးသို့သွားရောက်ကြပြီး ဈေးအတွင်းလှည့်လည်ကြည့်ရှုကြရာ ဈေးသူ၊ ဈေးသားများနှင့် ဈေးဝယ်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံးနှုတ်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မင်းဂံရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးနှင့်  ခန့် စာကြည့်တိုက်တို့အား သွားရောက်ကြည့်ရှုကြရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် စာကြည့်တိုက်မှူးတို့က  စာကြည့်တိုက်အတွင်း ကျောင်းသား၊ ကျောင်းသူများ၊ ရပ်ကွက်နေပြည်သူများ စာအုပ်၊ စာပေများလာရောက်ဖတ်ရှုနေမှု၊ စာကြည့်တိုက်ရှင်သန်ဖွံ့ဖြိုးနေမှုနှင့် စာကြည့်တိုက်အတွက် လိုအပ်ချက်များကို ရှင်းလင်းတင်ပြကြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကိုမှာကြားပြီး စာကြည့်တိုက်အတွက် သုတ၊ ရသစာအုပ်စာစောင်များ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။

တင်ထွန်း (ပြန်/ဆက်)