မော်လမြိုင် နိုဝင်ဘာ ၁၁
သဲဖြူဆရာတော်ကြီးအား အမှူးထား၍ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးဆောင်ပံ့ပိုးပါဝင်မှု၊ မွန်ပြည်နယ်အစိုးရအဖွဲ့၏ပံ့ပိုးပေးမှုနှင့် အလှူရှင်များ၏ လှူဒါန်းမှုတို့ဖြင့် မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးတွင် ပြုလုပ်သော အခမဲ့မျက်စိစမ်းသပ်ခွဲစိတ် ကုသပေးသည့်အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ကုသလိုသော မျက်စိအာရုံ ချွတ်ယွင်းသူများကို စက္ခုအလင်းကျန်းမာရေး အလှူတော်အဖြစ် မျက်စိစမ်းသပ်၊ ခွဲစိတ်ကုသခြင်း စရိတ်စကများအပြင် မျက်ကပ်မှန်၊ မျက်မှန်များပါမကျန် လိုအပ်သည်များကို ကုသိုလ်ပြုလှူဒါန်းဆောင်ရွက်ပေးမည်ဖြစ်သည့်အတွက် ပြည်နယ်၏ကျန်းမာရေးကဏ္ဍတွင် ထူးခြားသည့်လူမှုရေးဆောင်ရွက်ချက် မှတ်တိုင် တစ်ခုအဖြစ် စိုက်ထူနိုင်ခဲ့ကြောင်း၊ ယခုလိုမျက်စိကျန်းမာရေး အလှူတော်အစီအစဉ်မျိုးကို နှစ်စဉ်လာရောက်ဆောင်ရွက်ပေးစေလိုပါကြောင်းနှင့် မျက်စိကျန်းမာရေးနှင့် လိုအပ်သည့် အခြားပံ့ပိုးကူညီမှုများ ဆောင်ရွက်ပေးကြသူများအားလုံးကို ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးကြမည့် မျက်စိအထူးကုဆရာဝန်ကြီးများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်မြို့အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ မျက်စိဌာန၌မျက်စိအထူးကုဆရာဝန်ကြီးများ၊ဆရာဝန်/သူနာပြုများ၊ ကျန်းမာရေးဝန်ထမ်း များမှ မျက်စိအမြင်အာရုံ ချို့ယွင်းသူများအား စက္ခုအလင်း ကျန်းမာရေးအလှူတော်အဖြစ် အခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးနေမှုအပေါ် ကြည့်ရှုအားပေး၍ မျက်စိဝေဒသနာရှင် များအား ရင်းရင်းနှီးနှီး လိုက်လံအားပေးနှုတ်ဆက်ခဲ့သည်။
အဆိုပါအခမဲ့မျက်စိစမ်းသပ်ခွဲစိတ်ကုသပေးသည့် စက္ခုအလင်း ကျန်းမာရေးအလှူတော်ကို မော်လမြိုင်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ မျက်စိဌာနတွင် နိုဝင်ဘာလ ၉ ရက်နေ့မှ ၁၆ ရက်နေ့အထိ ကျန်းမာရေးဝန်ကြီးဌာနမှ မျက်စိအထူးကုသမားတော်ကြီး၊ ဆရာဝန်ကြီးများ၊ မျက်မှန်ကျွမ်းကျင်များ၊ သူနာပြုများက ကုသိုလ်ဖြစ် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)