နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်ကောင်စီနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၁၁

နေပြည်တော်ကောင်စီနှင့် နေပြည်တော်အဆင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက နေပြည်တော်ကောင်စီ၊ ဇမ္ဗူသီရိခန်းမ၌ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်၊ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများ တက်ရောက်သည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများဖြစ်ပေါ်မှုမရှိ‌စေရေး Myanmar Electronic Voting Machine (MEVM) ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ရွေးကောက်ပွဲတွင် အသုံးပြုမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် MEVM ကို ပြည်သူများအဆင်ပြေစွာ အသုံးပြုတတ်စေရေးအတွက် အသိပညာပေးခြင်းများ ဆောင်ရွက်ပေးသွားရန်လိုအပ်ကြောင်း၊ ရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပွင့်လင်းမြင်သာသည့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များနှင့်အညီ စနစ်တကျဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း၊ ရွေးကောက်ပွဲကာလတွင် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်ရေးနှင့် ပတ်သက်ပြီး သက်ဆိုင်ရာများအနေဖြင့် လုံခြုံရေးကိစ္စရပ်များကို သေချာစွာဆောင်ရွက်ပေးရန်နှင့် ရွေးကောက်ပွဲကျင်းပမှုကို ထိခိုက်ပျက်ပြားအောင်လုပ်ဆောင် လာပါက ကျူးလွန်သူများကို ထုတ်ပြန်ထားသည့်ဥပဒေများအတိုင်း ထိထိရောက်ရောက် အရေးယူဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ စိုက်ပျိုး‌ရေးကဏ္ဍတွင် ဆန်နှင့် အခြားသီးနှံများကို အရည်အသွေးပြည့်မီ၍ ပန်းတိုင်ရည်မှန်းချက်ရရှိ‌အောင် ဆောင်ရွက်သွားရန်နှင့် သဘာဝ‌မြေဩဇာကို တိုးချဲ့အသုံးပြုရန်လိုအပ်ကြောင်း၊ ဒေသအတွင်း စားသုံးဆီလိုအပ်ချက် ပြည့်မီစေရန် ဆီထွက်သီးနှံ စိုက်ပျိုးမှုများကို အားပေးဆောင်ရွက်လျှက်ရှိသကဲ့သို့ ပြည်တွင်းလိုအပ်ချက် ပြည့်မီအောင်ဆောင်ရွက်၍ ပြည်ပသို့ တင်ပို့နိုင်မည်ဆိုပါက နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှုကိုလည်း အထောက်အကူဖြစ်စေနိုင်မည်ဖြစ်ကြောင်း၊ ပညာရေးကဏ္ဍအနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသားကျောင်းသူများ အဆင်ပြေချောမွေ့စွာ ပညာသင်ကြားနိုင်ရေးနှင့် စာသင်ကျောင်းများ ဥပဓိရုပ်ကောင်းမွန်စေရေးအတွက် အခြေခံကျောင်းများ အတွင်း/အပြင်ရှိ ခြုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေနုတ်မြောင်း များတူးဖော်ပေးခြင်း၊ ရေကန်များတွင် အဘိတ်ဆေးများခတ်ပေးခြင်း၊ ခြင်ခိုအောင်းနိုင်သည့်နေရာများအား ခြင်ဆေးဖြန်းခြင်းနှင့် ကျန်းမာရေး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်လာကြသည့် နေပြည်တော်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြရာ တင်ပြချက်များနှင့် စပ်လျဉ်း၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူရဦး(ဒက္ခိဏ)