နေပြည်တော် နိုဝင်ဘာ ၁၁
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇမ္ဗူသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နှင့် လယ်ဝေးမြို့နယ်အတွင်း လမ်းဘေးဝဲယာ သန့်ရှင်းသာယာလှပရေး ဆောင်ရွက်နေမှုအခြေအနေများ၊ ရာသီအလိုက် ပန်းအလှပင်များ၊ အရိပ်ရအပင်များ စိုက်ပျိုးထားရှိမှုနှင့် လမ်းပိုင်းများပြန်လည်ပြုပြင်နေမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေးစဉ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက တာဝန်ရှိသူများအား လမ်းဘေးဝဲယာ စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအလေးထား ဆောင်ရွက်ရန်၊ လမ်းဘေးရေမြောင်းများတွင် အမှိုက်များပိတ်ဆို့မှုမရှိစေရေး စနစ်တကျစွန့်ပစ်ရန်၊ လမ်းပိုင်းများနှင့် လမ်းဘေးပလက်ဖောင်းများ သတ်မှတ်အချိန်အတွင်း စံချိန်စံညွှန်းများနှင့်အညီ အမြန်ပြီးစီးအောင်ဆောင်ရွက်ရေးတို့ကိုမှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အောင်သူရဦး(ဒက္ခိဏ)