မိုးညှင်းမြို့၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ် (၁/၂၀၂၅) ဖွင့်လှစ်

မိုးညှင်း နို၀င်ဘာ ၁၁

ကချင်ပြည်နယ် မိုးညှင်းခရိုင် မီးသတ်ဦးစီးဌာနမှ ဖွင့်လှစ်သည့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းအမှတ်စဉ် (၁/၂၀၂၅) ကို ယမန်နေ့နံနက် (၁၀) နာရီက ခရိုင်မီးသတ်ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ခိုင်ကိုက အဖွင့်အမှာစကားပြောကြားရာ၌ မီးသတ်တပ်ဖွဲ့ဟာ ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်ပစ္စည်းများကို မီးဘေးအန္တရာယ်မှ တားဆီးကာကွယ်နိုင်ရန်နှင့် သဘာဝဘေး အန္တရာယ်အပါအဝင် အခြားသောဘေးအန္တရာယ်များ ကျရောက်လာပါက အရေးပေါ် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများကို အလျဉ်အမြန် ဆောင်ရွက်နိုင်စေရန်အတွက် ယခုလိုဖွဲ့စည်း လေ့ကျင့်သင်တန်းပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ခရိုင်မီးသတ်ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးကျော်စိုးသန်းက အရန်မီးသတ်လေ့ကျင့်ရေး (မွမ်းမံ) သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ၎င်းသင်တန်းတွင် တက်ရောက်ကြမည့် သင်တန်းသားများအား အရန်မီးသတ်တူညီဝတ်စုံများကို ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် သင်တန်းသား စုစုပေါင်း (၅၀) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ တစ်လတိတိဖြင့် မီးငြှိမ်းသတ်နည်းဆိုင်ရာ ပညာရပ်များနှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာ ပညာရပ်များကို သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

ရွှေမိုးညှင်း