နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးခင်မောင်လတ် ဒက္ခိဏသီရိမြို့နယ်အတွင်း မိုးစပါးစံကွက်ရိတ်သိမ်းခြင်း၊ သန့်ရှင်းသာယာလှပစေရေး ဆောင်ရွက်နေမှုများနှင့် မဲစာရင်းတိုက်ဆိုင်စစ်ဆေးမှုဆောင်ရွက်နေများအား ကြည့်ရှုအားပေး

နေပြည်တော် နိုဝင်ဘာ ၁၁

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးခင်မောင်လတ်သည် နိုဝင်ဘာလ ၉ ရက်နေ့က မြို့နယ်စိုက်ကြပ်အဖွဲ့၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများနှင့်အတူ ဒက္ခိဏသီရိမြို့နယ်၊ ရန်အောင်မြင်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၈၂၈-က)ကွင်းအတွင်းရှိ တောင်သူ ဦးထွန်းငွေ၏ အောင်နိုင်တိုး မိုးစပါး ၅ ဧကအား  စံကွက်ရိတ်သိမ်းခြင်းကိုကွင်းဆင်းကြည့်ရှုခဲ့ပြီး နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးက အထွက်နှုန်းတိုးတက်ရရှိစေရေး မြေပြင်ခြင်းလုပ်ငန်းအား စနစ်တကျဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်၍ ပန်းတိုင်အထွက်နှုန်းရရှိစေရေး နည်းစနစ်မှန်ကန်စွာဆက်လက်ဆောင်ရွက်ရန်လိုအပ်ကြောင်းနှင့် ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများကောင်းမွန်အောင်ဆောင်ရွက်ရန်လိုအပ်ကြောင်း မှာကြားသည်။

အဆိုပါ တောင်သူ ဦးထွန်းငွေ၏အောင်နိုင်တိုးမိုးစပါး ၅ ဧကတွင် အောင်နိုင်တိုးစပါး စံကွက် ၆ ဒသမ ၆ ပေပတ်လည် ဧကစံကွက်ရိတ်သိမ်းမှုအပေါ် အစိုအထွက်နှုန်း ၁၁၈ တင်း၊ အခြောက်အထွက်နှုန်း ၁၁၀ တင်း ထွက်ရှိကြောင်း သိရသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးခင်မောင်လတ်သည် တာဝန်ရှိသူများနှင့်အတူ ဒက္ခိဏသီရိမြို့နယ်၊ မြစ်မခလမ်းနှင့်ဟိုတယ်ဇုံဘေး ဝဲ/ယာတစ်လျှောက် ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများမှ ရေမြောင်းများဆယ်ယူရှင်းလင်းခြင်း၊ အလင်းဖွင့်ခြင်း၊ သစ်ပင်ချုံနွယ်အမှိုက်များ ခုတ်ထွင်ဖယ်ရှားရှင်းလင်း၍ ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပစေရေး စုပေါင်းသန့်ရှင်း‌ရေး  ဆောင်ရွက်နေမှုများနှင့် မြို့နယ်ကော်မရှင်ရုံးတွင် ဌာနဆိုင်ရာများပူးပေါင်း၍ မဲစာရင်းတိုက်ဆိုင်စစ်ဆေးမှုအား ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)