တာချီလိတ်မြို့၌ ဟိုတယ်ဆိုင်ရာလျှပ်စစ်ကျွမ်းကျင်သင်တန်းဖွင့်လှစ်

တာချီလိတ်    နိုဝင်ဘာ        ၁၀

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှု ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ပံ့ပိုးမှု၊ မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်းများအသင်း (ရွှေတြိဂံဇုန်)၏ ပူးပေါင်းစီစဉ်မှုဖြင့်ဖွင့်လှစ်သည့် ဟိုတယ်ဆိုင်ရာလျှပ်စစ်ကျွမ်းကျင်(Mechanical and Electrical)သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်ရှိ ဟိုတယ် တာချီလိတ်ခန်းမတွင် ကျင်းပသည်။

ဦးစွာ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး နေမျိုးက သင်တန်းဖွင့်အမှာစကားပြောကြားပြီး ဟိုတယ်နှင့်ခရီးသွားလာညွှန်ကြားမှုဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးမင်းက ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွင်းရှိ ဝန်ထမ်းများ လုပ်ငန်းခွင်သုံးလျှပ်စစ်ပစ္စည်း မှားယွင်းကိုင်တွယ်ခြင်းဖြင့် မလိုလားအပ်သောပြဿနာများ မဖြစ်ပေါ်လာစေရန် လျှပ်စစ်သွယ်တန်းနည်းပညာနှင့်အန္တရာယ်ထိန်းချုပ်ရေးနည်းလမ်းများကို စနစ်တကျသင်ယူတတ်မြောက်ခြင်းဖြင့် လုပ်ငန်းခွင်အတွင်း အကျိုးရှိစွာအသုံးချတတ်စေရန် သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။

 

အဆိုပါသင်တန်းသို့ သင်တန်းသား ၃၅ ဦး တက်ရောက်ပြီး သင်တန်းဆရာများက လျှပ်စစ်ဆိုင်ရာအခြေခံသဘောတရားများကို စာတွေ့လက်တွေ့ဖြင့် ကျွမ်းကျင်မှုရရှိသည်အထိ သင်တန်းကာလ သုံးပတ်ကြာသင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ကျော်ဇေယျာလင်း (ပြန်/ဆက်)