ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာ ၁၅ရက်မှ ၂၈ရက်အထိ ကြေညာသွားမည်

မိုင်းဖြတ်  နိုဝင်ဘာ ၁၀ 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် မိုင်းဖြတ်မြို့နယ်တွင် မကြာမီကျင်းပတော့မည့် ၂၀၂၅ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မဲဆန္ဒရှင်စာရင်း ပြည့်စုံမှန်ကန်‌‌ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို နိုဝင်ဘာ ၁၀ရက် နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။    

ဦးစွာ မြို့နယ်မဲစာရင်းပြည့်စုံမှန်ကန်စေရေးစိစစ်ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှမျိုးက မြို့နယ်အတွင်း ပထမအကြိမ် မဲစာရင်းများ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများတွင် ကြေညာထားခဲ့သည့်အခြေအနေများ၊ ယခုဒုတိယအကြိမ်ထပ်မံကပ်ထားကြေညာမည့် မဲဆန္ဒရှင်စာရင်းများ ကျန်ရှိမှုမရှိရေးနှင့်စပ်လျဉ်း၍ အမှာစကားများပြောကြားသည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအားကိုက ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်ရေး အမှာစကားများပြောကြားသည်။  

ယင်းနောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်မြတ်မိုးက ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို နိုဝင်ဘာ ၁၅ရက်မှ ၂၈ရက်အထိ ကြေညာသွားမည့်အခြေအနေများနှင့် မဲစာရင်းများပြည့်စုံမှန်ကန်ရေး ဆောင်ရွက်ရမည့်အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဆွေးနွေးပွဲအပြီးတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ရွေး‌ကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်လောင်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌများ၊ ရပ်ကျေးစာရေးများနှင့် တာဝန်ရှိသူများက မဲစာရင်းပြည့်စုံမှန်ကန်ရေးလုပ်ငန်းများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ ကြောင်းသိရသည်။ 

မြို့နယ်(ပြန်/ဆက်)