ဒေါပုံ နိုဝင်ဘာ ၁၁
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် မီးဘေး၊ အခြားသဘာဝဘေးအန္တရာယ်နှင့် ရုတ်တရက် မတော်တဆမှုဖြစ်ပွားသော ဘေးအန္တရာယ်များစသည်ဖြင့် ပေါ်ပေါက်လာပါက မီးငြိမ်းသတ်ရေးနှင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ပြည်သူ့အကျိုးပြု လူမှုဝန်ထမ်းလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခြင်းစသည့် လုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (အမှတ်စဉ်၁/၂၀၂၅) ကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနတွင် ဖွင့်လှစ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဦးစွာ ဒေါပုံမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးစိုးမိုးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ရာ မီးငြိမ်းသတ်ခြင်းလုပ်ငန်းသာမက ရေဘေး၊ လေဘေး၊ ငလျင်ဘေးများနှင့်အတူ ဘေးအန္တရာယ်အမျိုးမျိုးကို ကူညီကယ်ဆယ်ပေးရသည့် လုပ်ငန်းများကိုပါ မီးသတ်တပ်ဖွဲ့ဝင် များက ဆောင်ရွက်နေရသည့်အတွက် သန္ဓေနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ လေ့ကျင့်ခြင်းနှင့် သင်တန်းပေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်ပေးခြင်းမှာ ကောင်းမွန်သည့် လုပ်ငန်း တစ်ရပ်ဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပါသည်။
ထို့နောက် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား ဝတ်စုံများကို တာဝန်ရှိသူများက အသီးသီးပေးအပ်ခဲ့ကြပါသည်။ သင်တန်းကို နိုဝင်ဘာလ ၁၀ ရက်နေ့မှ ဒီဇင်ဘာလ ၅ ရက်နေ့အထိ ရက်သတ္တပတ် လေးပတ်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းနည်းပြများက စာတွေ့နှင့် လက်တွေ့ သင်ကြားပို့ချသွားမည် ဖြစ်ပါသည်။ အဆိုပါသင်တန်းကို ရပ်ကွက်များမှ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား (၅၀) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)