ကချင်ပြည်နယ်ဝန်ကြီးချုပ် ပူတာအိုခရိုင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်‌ရေးပွဲတော်သို့ တက်ရောက်အားပေးချီးမြှင့်၊ ရေခဲတောင်သွားလမ်းနှင့် မဂွေဇ-ခေါင်လန်ဖူးလမ်း ဆောင်ရွက်နေမှု အခြေအနေများအား ကြည့်ရှုစစ်ဆေး

ပူတာအို  နိုဝင်ဘာ ၁၀

မြန်မာပြည်မြောက်ဖျားပိုင်း ကချင်ပြည်နယ် ပူတာအိုခရိုင်အတွင်း မိုးစပါးရိတ်သိမ်းအပြီး ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ပူတာအိုမြို့သို့ ရောက်ရှိနေသော ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ နိုဝင် ဘာ ၁၀ ရက် နံနက် ၇ နာရီက စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး ပွဲတော်အခမ်းအနားသို့ တက်ရောက်သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများသည် ပူတာအိုမြို့နယ်၊ မကျော့ဝါကျေးရွာသို့ သွားရောက်ပြီး ကျေးရွာအတွင်း မကျော့ဝါချောင်းရေတိုက်စားမှုကြောင့်ပျက်စီးသွားသည့် ရွာအဝင်ချောင်းကူးတံတားပျက်စီးသွားမှုကို ဒေသခံကျေးရွာနေပြည်သူများ၊ ရပ်မိရပ်ဖများနှင့်အတူ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြကာ ကျေးရွာနေပြည်သူများ လူမှုရေး၊ စီးပွားရေးလုပ်ငန်းများအတွက် အရေးပါသည့် ချောင်းကူးတံတားကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း အရှည် ပေ (၈၀) ၊ အကျယ် (၂၀)ပေ သံကူကွန်ကရစ်တံတားအဖြစ်  တည်ဆောက်ပေးနိုင်ရေး၊ ယာယီတံတားတည်ဆောက်၍ ဖြတ်သန်းသွားလာနိုင်ရေးအတွက် ထောက်ပံ့ငွေကျပ် ၁၀ သိန်းနှင့် ကျေးရွာနေပြည်သူများ၏ လိုအပ်ချက်များကို မေးမြန်းကာ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့သည်။

ထို့နောက် မြို့မရပ်ကွက်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(ပူတာအို)၌ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံ ပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင် ရေးပွဲသို့ တက်ရောက်ပြီး ဌာနဆိုင်ရာများ၊ ဘင်ခရာ၊ ပန်းပွားအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်အတူ ပွဲတော်အား ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးနှင့် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌတို့က ဖဲကြိုး ဖြတ်ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ကျောင်းစာသင်ဆောင်များအတွင်း ထက်၊ လယ်၊ မူအဆင့်အလိုက် ကျောင်းသား/ ကျောင်းသူများ၏ ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲများကျင်းပပြုလုပ်နေမှု၊ ကလေးစာဖတ်ခန်းအတွင်း ဆေးရောင်ခြယ်ပြိုင်ပွဲ၊ ကျောင်းသူလေးများ၏ လက်မှုပညာစွမ်းရည်ပြပွဲနှင့် ကျောင်းစာကြည့်တိုက်၌ စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြပြီး ပြိုင်ပွဲဝင် ကျောင်းသား/ ကျောင်းသူများအား ဆုလက်ဆောင်များကို ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ ကျောင်းဆောင်ရှေ့ ကွင်းပြင်၌ ကျောင်းသား/ ကျောင်းသူများအတွက် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ဉာဏ်စမ်းပြိုင်ပွဲ၊ ပူပေါင်းဖောက်၊ ခါးကွင်းလှည့်၊ အပြေးနှင့် မျှားပစ် ပြိုင်ပွဲများ ပြုလုပ်ကျင်းပနေမှုများကို လှည်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပွဲတော်အခမ်းအနားကို ခါကာဘိုရာဇီခန်းမ၌ ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်က ယနေ့ကျင်းပသည့် ပွဲတော်သည် ကျောင်းသားလူငယ်များ စာဖတ်သည့်အလေ့အထကို ရရှိစေရေး၊ စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားပြီး စာကြည့်တိုက်များသို့ဝင်/ထွက်သွားလာတတ်သည့် အလေ့အထကောင်းများရရှိစေရန် ရည်ရွယ်ပြီး ကျင်းပရခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် ပွဲတော်အတွင်း စာစီစာကုံး၊ကျပန်းနှင့် ပုံပြောစသည့် ပြိုင်ပွဲများ၊ ကိုယ်လက်လှုပ်ရှား အားကစားပြိုင်ပွဲများ ထည့်သွင်းကျင်းပပေးပြီး ထိုမှတစ်ဆင့်ကျောင်းသားလူငယ်များ စာပေဗဟုသုတပိုမိုရရှိစေပြီး ကိုယ်ကာယကြံ့ခိုင်မှုစုပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများကိုပါ ရရှိစေမည်ဖြစ်ပါကြောင်း၊ သို့ဖြစ် ပါ၍ ကျောင်းသား/ကျောင်သူများ စာအုပ်စာပေများကို လက်လှမ်းမီစွာ အလွယ်တကူဖတ်ရှုလေ့လာ နိုင်ရေး မိမိတို့အားလုံးက ကြိုးပမ်းဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ယင်းနောက် ကျောင်းသား/ ကျောင်းသူလေးများက ပညာဘဏ်တိုက် စာကြည့်တိုက်တေးသီ ချင်းသရုပ်ဖော်အကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြပြီး ဂုဏ်ပြုချီးမြှင့်ခြင်း အစီအစဉ်ကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီး များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက ကျောင်းစာကြည့်တိုက်အတွက် သုတ/ ရသစာအုပ်စာစောင် များကို လည်းကောင်း၊ စာစီစာကုံး၊ ပန်းချီ၊ ကျပန်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲများတွင် ပထမ၊ ဒုတိယနှင့် တတိယဆုရရှိသူများအား လည်းကောင်း၊ လူငယ်စကားဝိုင်းဆွေးနွေးပွဲတွင် ဆွေးနွေးပေးကြသူများ အား ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ ဖျော်ဖြေရေးအဖွဲ့များအတွက် ချီးမြှင့်ထောက်ပံ့ငွေများကို လည်းကောင်း အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ဆက်လက်၍ ကျောင်းသား/ ကျောင်းသူလေးများ၏ ဂျိမ်းဖောပွဲတော် တေးသီချင်းသရုပ်ဖော် အကအလှများဖြင့် ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့မှတစ်ဆင့် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ တတိယနှစ်စက်ဝန်းမှ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ အတွက် ပံ့ပိုးချေးငွေများ ပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က ပူတာအို ခရိုင်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒုတိယနှစ်စက်ဝန်းမှ ရန်ပုံငွေဖြင့် ရပ်ကွက်/ကျေးရွာ (၁၁၆)ရွာ၊ တောင်သူပေါင်း (၃၃၉၄)ဦးတို့အား ထုတ်ချေးငွေကျပ်သန်း (၂၁၃၅ ဒမ ၂၀၀)သန်း ထုတ်ချေးပေး ထားနိုင်ခဲ့ပြီး ယခုတတိယနှစ်စက်ဝန်းတွင်လည်း ရပ်ကွက်/ကျေးရွာ(၅၆)ရွာမှ တောင်သူ ၂၅၆၀  တို့အတွက် အောက်တိုဘာလအထိ ကျပ်သန်းပေါင်း (၁၆၈၅ ဒမ ၂၀၀)အထိ ပိုမိုတိုးမြှင့်ထုတ်ချေး ပေးနိုင်ခဲ့သည့်အပြင် ယနေ့လည်း ထပ်တိုးထုတ်ချေးပေးသွားမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြား သည်။

ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ခရိုင်အတွင်း နိုင်ငံ့စီးပွားမြှင့်တင် ရေးရန်ပုံငွေဖြင့် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ချေးငွေများ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ခဲ့မှုအခြေအနေများ၊ ဒေသခံများမှ ထပ်တိုးချေးငွေများ တင်ပြထားရှိမှု အခြေအနေ များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ရန်ပုံငွေများကို စည်းမျဉ်းစည်းကမ်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ ဖြစ်စေရေး အလေးထားဆောင်ရွက်ကြရန်နှင့် ချေးငွေများကို ဆီထွက်သီးနှံ စိုက်ပျိုးရေးအတွက် တိုးမြှင့်ချထားပေးနိုင်ရေး စည်းရုံးဆောင်ရွက်သွားကြရန်နှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးနှင့် ခရိုင်တာဝန်ခံတို့က ခေါင်လန်ဖူးမြို့နယ်၊ မဂွေဇ-ခေါင်လန် ဖူးလမ်း (၆၅ မိုင် ၄ ဖာလုံ)အတွင်း မြေပြိုလမ်းပိတ်ဆို့မှု အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်း ဆောင်ရွက်နိုင်ရေး ယာဉ်များနှင့် စက်ယန္တရားများ ပြင်ဆင်ဆောင်ရွက်ထားရှိမှု၊ စက်သုံးဆီ စုဆောင်းထားရှိမှုနှင့် မိုင်တိုင်အလိုက် ရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ကျန်ရှိသည့်နေရာများ အတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်‌ရေး စီမံဆောင်ရွက်ထားရှိသည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ ကချင်ပြည်နယ်လမ်းဦးစီးဌာန၊ ကြီးကြပ်ရေးအဖွဲ့မှ ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးထွန်းက ပူတာအိုဒေသရှိ အထင်ကရ ရေခဲတောင်ဖြစ်သည့် ဖုန်ကန်ရာဇီနှင့် ဖုန်ရင်ရာဇီ ရေခဲတောင်သွားလမ်း အထက်ဆန်ဂေါင်-လုံနဒမ်း-ဇီယာဒမ်းလမ်း(ရေခဲတောင်သွားလမ်း) ၂၄ မိုင် အတွင်း ဘဏ္ဍာနှစ်အလိုက် ရန်ပုံငွေရရှိမှုအပေါ် မြေသားလမ်းချဲ့ခြင်း၊ မြေသားတာပေါင်တင်ခြင်း၊ သဲကျောက်အမာခံလမ်းခင်းခြင်းလုပ်ငန်းများ၊ မူလာချောင်းတံတားများ တည်ဆောက်နေမှုအခြေများ နှင့် စပ်လျဉ်း၍  ရှင်းလင်းတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က မဂွေဇ-ခေါင်လန်ဖူးလမ်း အမြန်ဆုံးပြီးစီးအောင် ရှင်းလင်းဆောင်ရွက်သွားနိုင်ရေးနှင့်ရေခဲတောင်သွားလမ်းပိုင်းအား သတ်မှတ်ဘဏ္ဍာနှစ်တွင် အချိန်မီပြီးစီးအောင်ဆောင်ရွက်နိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ၍ ဖြေရှင်းဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ (တတိယနှစ်စက်ဝန်း)မှ စိုက်ပျိုးရေးလုပ်ငန်းအတွက် ငွေကျပ်သန်း (၄၀)နှင့် ငါးမွေးမြူရေးလုပ်ငန်းအတွက် ငွေကျပ်သန်း ၂၀ ကို  ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် မွန်းလွဲပိုင်းတွင် အဆိုပါ အစည်းအဝေးခန်းမ၌ ခရိုင်ပညာရေးကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံ၍ ပြည်နယ်ဝန်ကြီးချုပ်က ခရိုင်ပညာရေးကော်မတီ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့ထံ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် မတည်ရန်ပုံငွေကျပ်သိန်း ၁၀၀ ကို ထောက်ပံ့ပေးအပ်သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်၏ ပညာရေးအဆင့်အတန်းတိုးတက်မြင့်မား ရေးနှင့် တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေးအတွက် မိမိတို့အစိုးရအဖွဲ့လက်ထက်တွင် အစွမ်း ကုန်ကြိုးစားဆောင်ရွက်ခဲ့ရာ အတိုင်းအတာတစ်ခုအထိတိုးတက်အောင်မြင်ခဲ့ပါကြောင်း၊ သို့ရာတွင် မိမိတို့အနေဖြင့် ပညာရေးကဏ္ဍ ပိုမိုတိုးတက်မြင့်မားရေးနှင့် တစ်နိုင်ငံလုံးတွင် အောင်ချက်မြင့်မားရေးကို ရည်မှန်းချက်ထား၍ ကြိုးစားဆောင်ရွက်သွားရေး၊ Grade-12 ကလေးများအား စခန်းသွင်းလေ့ ကျင့်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်သွားကြရန် မှာကြားခဲ့ပြီး လေဆိပ်၌ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနအား ဆီမုန်ညှင်းစိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေးအတွက် ချီးမြှင့်ငွေကျပ် ၁၀ သိန်းကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်