ရန်ကုန် နိုဝင်ဘာ ၁၀
၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၁ ရက်နေ့မှ ၈ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် 8th WVVF World Vovinam Championship 2025 ပြိုင်ပွဲသို့ မြန်မာဗိုဗီနမ်အသင်းမှ အုပ်ချုပ်သူ နည်းပြ ၂ ဦး၊ အားကစားသမားအမျိုးသား ၃ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၈ ဦးတို့သည် အားကစားနည်း အမျိုးအစား (Event) ၁၆ မျိုးတို့တွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။
ပြိုင်ပွဲပွဲစဉ်များအဖြစ် အမျိုးသမီး 48-51 kg (Female) ၄၈-၅၁ ကီလိုတန်း အတိုက်ပြိုင်ပွဲတွင် မနှင်းသက်ဝေက ရွှေတံဆိပ် ၁ ခုကိုလည်းကောင်း၊ Dual Knife Form (female) အမျိုးသမီး ဓါးမြှောင် ၂ လက်အပြပြိုင်ပွဲနှင့် Ying Yang Sword From (Female) အမျိုးသမီး ဓါး ၁ လက် အပြပြိုင်ပွဲတို့တွင် မမေဟန်နီအောင်လွင်က ရွှေတံဆိပ် ၁ ခုနှင့် ကြေးတံဆိပ် ၁ ခု တို့ကိုလည်းကောင်း၊ Dragon -Tige From (male) အမျိုးသားလက်သိုင်းအပြပြိုင်ပွဲတွင် မောင်တင်ထူးဇော်က ငွေတံဆိပ် ၁ ခုကိုလည်းကောင်း၊ Pair Knife from (male) အမျိုးသားနှစ်ယောက်တွဲ ဓါးမြှောင်အတိုက်အပြပြိုင်ပွဲတွင် မောင်ဟိန်းထက်အောင်နှင့် မောင်ကျော်သူစိုးအောင်တို့အတွဲက ငွေတံဆိပ် ၁ ခုကိုလည်းကောင်း၊ Four- Element Staff From (male) အမျိုးသား တုတ်ရှည်အပြပြိုင်ပွဲတွင် မောင်တင်ထူးဇော်က ငွေတံဆိပ် ၁ ခုကိုလည်းကောင်း၊ Pair Sword from (male) အမျိုးသားနှစ်ယောက်တွဲ ဓါးရှည် ၂ လက် အတိုက်အပြပြိုင်ပွဲနှင့် Pair Machette Form (males) အမျိုးသားနှစ်ယောက်တွဲ ဓါးရှည် ၁ လက် အတိုက်အပြပြိုင်ပွဲတို့တွင် မောင်ဟိန်းထက်အောင်နှင့် မောင်တင်ထူးဇော်တို့အတွဲက ငွေတံဆိပ် ၂ ခုကို လည်းကောင်း၊ Mix Basic Self Dedense Technique (3 females 3 males) အမျိုးသမီး သုံးဦးနှင့် အမျိုးသားသုံးဦး လက်နက်မဲ့အသင်းလိုက် အပြပြိုင်ပွဲတွင် မောင်ဟိန်းထက်အောင်၊ မောင်ကျော်သူစိုးအောင်၊ မောင်တင်ထူးဇော်၊ မချစ်နိုဒီဆောင်း၊ မမေဟန်နီအောင်လွင်နှင့် မနှင်းသက်ဝေတို့အတွဲက ကြေးတံဆိပ် ၁ ခုကိုလည်းကောင်း၊ Ying Yang Sword Form (male) အမျိုးသား ဓါး ၁ လက် အပြပြိုင်ပွဲတွင် မောင်ကျော်သူစိုးက ကြေးတံဆိပ် ၁ ခုကိုလည်းကောင်း၊ (1 females Defense against males with weapon) အမျိုးသမီးတစ်ဦးနှင့် အမျိုးသားသုံးဦး လက်နက်ပါအပြပြိုင်ပွဲတွင် မမေဟန်နီအောင်လွင်၊ မောင်ဟိန်းထက်အောင်၊ မောင်ကျော်သူစိုးအောင်နှင့် မောင်တင်ထူးဇော်တို့အတွဲက ကြေးတံဆိပ် ၁ ခုကိုလည်းကောင်း၊ Cross From (male)အမျိုးသား တစ်ဦးချင်းလက်သိုင်းအပြပြိုင်ပွဲတွင် မောင်ဟိန်းထက်အောင်က ကြေးတံဆိပ် ၁ ခုကိုလည်းကောင်း၊ (Female Self Defence form) အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး ဓါးမြှောင်ပါခုခံကာကွယ်နည်းအပြပြိုင်ပွဲတွင် မောင်ဟိန်းထက်အောင်နှင့် မချစ်နိုဒီဆောင်းတို့အတွဲက ကြေးတံဆိပ် ၁ ခုကိုလည်းကောင်း၊ Pair Sword Form (Female) အမျိုးသမီးနှစ်ယောက်တွဲ ဓါးရှည် ၂ လက် အတိုက်အပြပြိုင်ပွဲတွင် မချစ်နိုဒီဆောင်းနှင့် မမေဟန်နီအောင်လွင်တို့အတွဲက ကြေးတံဆိပ် ၁ ခုတို့ကိုလည်းကောင်း အသီးသီးရရှိခဲ့ပြီး ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့ပြိုင်ပွဲများပြီးဆုံးချိန်၌ မြန်မာအသင်းအနေဖြင့် အားကစားနည်းအမျိုးအစား (Event) ၁၄ ခုတို့တွင် ရွှေတံဆိပ် ၂ ခု၊ ငွေတံဆိပ် ၅ ခု၊ ကြေးတံဆိပ် ၇ ခု၊ စုစုပေါင်း ဆုတံဆိပ် ၁၄ ခုတို့ကို မြန်မာနိုင်ငံအတွက် ထိုက်ထိုက်တန်တန် ဆွတ်ခူးရယူပေးနိုင်ခဲ့သည်။
အောင်ပွဲရ မြန်မာဗိုဗီနမ်အသင်းသည် လေယာဉ်အမှတ်(SQ-945) လေကြောင်းလိုင်းဖြင့် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့မှ စင်္ကာပူနိုင်ငံ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့လည်းကောင်း၊ လေယာဉ်အမှတ်(SQ-762)လေကြောင်းလိုင်းဖြင့် စင်္ကာပူနိုင်ငံ အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ယမန်နေ့နံနက်ပိုင်းတွင် ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ အားကစားနှင့်ကာယပညာသိပ္ပံ(ရန်ကုန်)မှ သင်တန်းသား/သင်တန်းသူများက သောင်းသောင်းဖြဖြ လာရောက်ကြိုဆိုခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)