မိုင်းပျဉ်း နိုဝင်ဘာ ၁၀
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့နယ်တွင် မဲစာရင်းများ ပြည့်စုံမှန်ကန်စေရေး မဲစာရင်းစိစစ်ခြင်းကို နောက်ဆုံးနေ့စိစစ်ခြင်းအနေဖြင့် ယနေ့နံနက် (၁၀)နာရီက မြို့နယ်ကော်မရှင်ရုံးတွင် ဆောင်ရွက်ကြကြောင်းသိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ၂၀၂၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် မဲစာရင်းများပြည့်စုံမှန်ကန်ရေးအတွက် မဲဆန္ဒရှင်များ၏တောင်းဆိုမှု၊ ပြင်ဆင်မှုနှင့် ကန့်ကွက်မှုများအား စိစစ်ပြင်ဆင်ပြီး မဲစာရင်းများကို သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲ ဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ ၁၅-၁၁-၂၀၂၅ ရက်နေ့မှ ၂၈-၁၁-၂၀၂၅ ရက်နေ့အထိ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများနှင့် ကျေးရွာအုပ်စုများတွင် (ဒုတိယ)အကြိမ် ကပ်ထားကြေညာမည်ဖြစ်သည့်အတွက် မိုင်းပျဉ်းမြို့နယ်ရှိ မဲစာရင်းများကို (ဒုတိယ)အကြိမ် ကြေညာခြင်းမပြုမီ မဲစာရင်းများပြည့်စုံမှန်ကန်စေရေးအတွက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲများနှင့် မြို့နယ်ရှိနိုင်ငံရေးပါတီများမှ ကိုယ်စားလှယ်တို့ဖြင့် မဲစာရင်းများပြည့်စံမှန်ကန်စေရေး စိစစ်ဆောင်ရွက်လျက်ရှိပါသည်။
အဆိုပါ မိုင်းပျဥ်းမြို့နယ်ရှိ မဲစာရင်းများပြည့်စုံမှန်ကန်မှုရှိစေရေး မဲစာရင်းစိစစ်မှုများကို ၈-၁၁-၂၀၂၅ ရက်နေ့မှ ၁၀-၁၁-၂၀၂၅ ရက်နေ့အထိ ရပ်ကွက်/ကျေးရွာအုပ်စုများအလိုက် မြို့နယ်ကော်မရှင်ရုံးတွင် စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
နန်းသန္တာဦး(ပြန်ဆက်)