နေပြည်တော် နိုဝင်ဘာ ၁၀
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည်ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများ လိုက်ပါလျက်တပ်ကုန်းမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများအား ကြည့်ရှုအားပေးခဲ့သည်။
ဦးစွာ နေပြည်တော်ကောင်စီဝင်နှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ညောင်ပင်-ရှားတောကျေးရွာချင်းဆက်လမ်းပေါ်ရှိ Submersible Bridge (၁၈၀)ပေ တည်ဆောက်ခြင်းလုပ်ငန်းသို့ သွားရောက်ပြီး ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လုပ်ငန်းများ အမြန် ပြီးစီးအောင် ဆောင်ရွက်သွားရန်နှင့် သတ်မှတ်စံချိန်စံညွှန်းနှင့် အညီဆောင်ရွက်သွားရန်မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ်၊ မကျီးပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ရောက်ရှိပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုဘတ်ဂျက် ခွင့်ပြုငွေကျပ်သန်း ၄၉၆ ဒသမ ၅၅၆ ဖြင့်ဆောင်ရွက်သော (အလျား ၁၀၀ ပေx အနံ ၃၀ပေ)၊ (RCC) နှစ်ထပ် ကျောင်းဆောင်အသစ် ဆောက်လုပ်နေမှုကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအားလုပ်ငန်းများ သတ်မှတ်အချိန်အတွင်း ပြီးစီးအောင်ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်စံညွှန်းနှင့် အညီဆောင်ရွက်ရေးနှင့် လိုအပ်သည်များလမ်းညွှန်မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဆီထွက်သီးနှံ(နေကြာ) အထူးဇုံစိုက်ပျိုးထုတ် လုပ်မှုလုပ်ငန်းသို့ ရောက်ရှိပြီး နေကြာများစိုက်ပျိုးသည့်အခြေအနေများအား ကြည့်ရှုအား ပေးခဲ့ပြီး တောင်သူများ၏ စိုက်ပျိုးရေ လိုအပ်ချက်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများသည် တပ်ကုန်းမြို့နယ် အမှတ်(၁) ကံကြီး မွေးမြူရေးဇုန်အတွင်းရှိ ဦးမြတ်စံ၏ ဥစားကြက် မွေးမြူရေးခြံနှင့် ဦးတွမ်ခင်ဝင်း(ဖန်ဟွ) နွားမွေးမြူရေးခြံသို့ရောက်ရှိပြီး မွေးမြူရေးလုပ်ငန်း အောင်မြင်ဖြစ်ထွန်းနေမှုအခြေအနေများကို ကြည့်ရှုအားပေးခဲ့ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)