စဉ့်ကိုင် နိုဝင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးပန်းတိုင်အထွက်နှုန်း ရရှိရေး စံကွက်ရိတ်သိမ်းပွဲ ကွင်းသရုပ်ပြပွဲကို အုန်းပင်ခြံကျေးရွာ တောင်သူ ဦးရဲလွင်၏ ကွင်းအမှတ် (၇၀)၊ ဦးပိုင်အမှတ် (၆၉)၊ ဆင်းသုခ (၅.၀၀)ဧက စံပြကွက်၌ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ စံကွက်ရိတ်သိမ်းပွဲတွင် ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်ငြိမ်းထွေးက သီးနှံများတွင် ဓါတ်ကြွင်းမကျန်စေရေးနှင့် မြေဆီဩဇာ ထိန်းသိမ်းခြင်းလုပ်ငန်းများအား ဆွေးနွေးပြောကြားခဲ့ပြီး စဉ့်ကိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းဇော်က သီးနှံများ ပန်းတိုင်အထွက်နှုန်း ရရှိရေးနှင့်ပတ်သက်၍ မျိုး၊မြေ၊ရေ၊နည်းပညာများ အကြောင်း ဆွေးနွေးပြောကြား ခဲ့သည်။ ထို့နောက် ဒုတိယဦးစီးမှူး ဦးထွန်းနိုင်က မြေဆီဩဇာထိန်းသိမ်းခြင်းလုပ်ငန်းစဉ်များအား တောင်သူများသို့ ဆွေးနွေးပြောကြားခဲ့သည်။
၎င်းနောက် ဆင်းသုခမျိုးစံကွက်အား ဆက်လက်ရိတ်သိမ်းခဲ့ရာ (၀.၁၀)ဧကလျှင် အစိုအထွက်တင်း (၁၅၅)တင်းထွက်ရှိခဲ့ပြီး အခြောက်အထွက်တင်း (၁၃၅)တင်းထွက်ရှိကာ ပန်းတိုင်အထွက်နှုန်းထက် (၃၅)တင်း ပိုမိုထွက်ရှိခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးရေးဦးစီးဌာနမှ သိရသည်။
ကျော်စွာ (စဉ့်ကိုင်)