မိုင်းဆတ်မြို့၌ ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကျင်းပ

မိုင်းဆတ် နိုဝင်ဘာ ၉

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်မြို့၌ ကျောင်းသားကျောင်းသူများ စာအုပ်စာပေများနှင့် ချစ်ခင်ရင်းနှီးကျွမ်းဝင်စေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာကြည့်တိုက်ယဉ်ကျေးမှုထွန်းကားစေရန်ရည်ရွယ်၍ ခရိုင်စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ကြီးကြပ်မှုကော်မတီ၏ကြီးကြပ်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို နိုဝင်ဘာ ၈ ရက် နံနက် ၈ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း-ခွဲ (အလက-၁)တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။

ဦးစွာ ခရိုင်စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးနှင့်တာဝန်ရှိသူတို့က စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်မုခ်ဦးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အထက(မိုင်းဆတ်)၊ အထက-ခွဲ(အလက-၁)နှင့် အထက-ခွဲ(အလက-၂)ဘင်ခရာအဖွဲ့နှင့် ပန်းပွားအကတို့ကို ကြည့်ရှုအားပေးသည်။

ဆက်လက်၍ အထက-ခွဲ(အလက-၁) ကျောင်းသား ကျောင်းသူများက “ပညာဘဏ်တိုက် စာကြည့်တိုက်သို့ သွာကြစို့”တေးသီချင်းဖြင့် သရုပ်ဖော်ကပြပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးညီညီထွေးက အမှာစကားပြောကြားကာ မြို့ပေါ်ရှိကျောင်း(၇)ကျောင်း၏ ကျောင်းစာကြည့်တိုက်များအတွက် စာအုပ်စာစောင်များပေးအပ်လှူဒါန်းသည်။ ထို့နောက် အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကျင်းပကာ အထက-ခွဲ(အလက-၂)ကျောင်းသားကျောင်းသူများက “ရွှေလက်ကမ်း၍ ကြိုနေမယ်”တေးသီချင်းဖြင့် ဖျော်ဖြေတင်ဆက်ပြီး လူငယ်စကားဝိုင်းကျင်းပသည်။ ယင်းနောက် တာဝန်ရှိသူတို့က ကျပန်းစကားပြော၊ စာစီစာကုံးနှင့်လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးသူတို့အား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ပြီး အထက(မိုင်းဆတ်)ကျောင်းသား ကျောင်းသူများက “အလှဆုံးပန်းများပွင့်ကြပြီ” တေးသီချင်းဖြင့် သရုပ်ဖော်ကပြတင်ဆက်သည်။

ထို့နောက် ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့သည် ပွဲတော်အတွင်း ကျောင်းသားကျောင်းသူများ၏ ကာယဉာဏစွမ်းရည်ပြိုင်ပွဲများ၊ ဌာနဆိုင်ရာပြခန်း(၈)ခန်းနှင့် စာအုပ်စာစောင်များခင်းကျင်းပြသထားရှိမှု၊ စတုဒိသာကျွေးမွေးနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးသည်။ နေ့လယ်ပိုင်းတွင် မြို့ပေါ်ရှိကျောင်း(၆)ကျောင်းမှ ကျောင်းသားကျောင်းသူများ၏ ဖျော်ဖြေရေးအစီအစဉ်များနှင့် ပြပွဲပြိုင်ပွဲများဆက်လက်ကျင်းပပြီး ပန်းချီ၊ ကဗျာရွတ်၊ ပုံပြင်ပြောနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲတို့တွင် ဆုရရှိသူများအား တာဝန်ရှိသူတို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)