မော်လမြိုင် နိုဝင်ဘာ ၉
ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်မလေးများ ဘာသာတရားကိုင်းရှိုင်းပြီး ယဥ်ကျေးလိမ္မာစေရန်နှင့်အမျိုး၊ ဘာသာ၊သာသနာအကျိုးကို သယ်ပိုးဆောင်ရွက်နိုင်စေရန်ရည်ရွယ်၍ မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBAမှ ပထမအကြိမ် ကျင်းပပြုလုပ်သည့် (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်ဆိုင်ရာ နှုတ်ဖြေပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲပိုင်းက မော်လမြိုင်မြို့၊ မြစေတီ စာသင်တိုက်ကြီး၏ ဓမ္မာရုံတော်ကြီး၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ပြိုင်ပွဲဝင် ကျောင်းသူ၊ ကျောင်းသားလေးများ၏ (၃၈) ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်ဆိုင်ရာနှုတ်ဖြေပြိုင်ပွဲ ဝင်ရောက်ဖြေဆိုနေကြမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။
ထို့နောက် ဆုချီးမြှင့်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBAဩဝါဒါစရိယ ဆရာတော် မော်လမြိုင်မြို့၊ မြစေတီစာသင်တိုက်ကြီး၏ ဦးစီးပဓာနနာယကဆရာတော် အဘိဓဇမဟာရဌဂုရု၊ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ပထမဆုရရှိသည် နှုတ်ဖြေပြိုင်ပွဲဝင် ကျောင်းသားတစ်ဦးအား ဂုဏ်ပြုဆု ပေးအပ်ချီးမြှင့်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဆုရရှိခဲ့ကြသည့်ပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူလေးများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်ဆိုင်ရာနှုတ်ဖြေပြိုင်ပွဲဝင် ကျောင်းသား၊ ကျောင်းသူလေးများအား ရင်းရင်းနှီးနှီးအားပေးနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)