ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ရှစ်လအတွင်း ပြည်တွင်းပြည်ပ ဧည့်သည် ၂၇၅၄၆ ဦးဝင်ရောက်လေ့လာ

ညောင်ဦး နိုင်ဝင်ဘာ ၈

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံမြို့ဟောင်းရှိ ပုဂံရှေးဟောင်းသုတေ  သနပြတိုက်သို့   ပြည်တွင်းပြည်ပလေ့လာရေးခရီးသွားများထံမှ (၈)လအတွင်း ပြတိုက် ဝင်ကြေးကောက်ခံရရှိမှု ကျပ် ၂၉၃၁၉၀၀၀ ကောက်ခံရှိခဲ့ကြောင်း ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)တာဝန်ရှိသူများထံက သိရသည်။

ပုဂံရှေးဟောင်းသုတေသနပြတိုက်သည် ပုဂံမြို့ဟောင်းအတွင်း  အနောက်တောင်ဘက်တွင် ရှိပြီး တောင်ဘက်ရှေးဟောင်းမြို့ရိုးနှင့် ကပ်လျက်တည်ရှိသည်။ ပြတိုက်သစ်ကြီးအား ၁၉၉၅ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၈ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့သည်။ ၁၉၀၂ ခုနှစ်၊ ယခင်အခေါ် ကမ္ဗည်းကျောက်စာဌာန၊ ယခုအခေါ် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ကျောက်စာဝန်မစ္စတာတော်စိန်ခိုက ပုဂံတစ်ဝိုက်မှရရှိသော ရှေးဟောင်းကျောက်စာများနှင့် ရှေးဟောင်းပစ္စည်းများကိုပြသရန် အာနန္ဒာဘုရား မြောက်ဘက်တွင် ပြတိုက်တည်ဆောက်ပြီး ၁၉၀၄ ခုနှစ်တွင် ဖွင့်လှစ်ပြသခဲ့သည်။ နှစ်အတော်ကြာပြီး အာနန္ဒာဘုရားအနီးရှိ ပြတိုက်ငယ်မှာ သေးငယ်ခြင်း၊ ခင်းကျင်းပြသမှုပုံစံ မှာလည်း ပစ္စည်းများစုပုံပြသထားသကဲ့သို့ ဖြစ်နေခြင်း၊ နှစ်ပေါင်း ၆၀ ကျော်တွင် ရှေးဟောင်း ပစ္စည်းများ တဖြည်းဖြည်း စုဆောင်းရရှိမှုများလာခြင်းများကြောင့် ပုဂံမြို့ဟောင်းအတွင်း ကန်တော့ပလ္လင်ဘုရား တောင်ဘက် မြေဧက ၈ ဒသမ ၁၆ ကျယ်ဝန်းသော မြေနေရာအစ သစ် တွင် ခေတ်မီပြတိုက်သစ်တစ်ခုကိုတည်ဆောက်ခဲ့ပြီး ၁၉၇၉ ခုနှစ် အောက်တိုဘာ ၁ ရက်တွင် ဖွင့်လှစ်ပြသခဲ့ကြောင်းသိရသည်။

ပုဂံရှေးဟောင်းသုတေသနပြတိုက်သည် ကျောက်စာရှစ်မြှောင့်သဏ္ဌာန်ပြတိုက်နှင့် ကျောက်ဆစ်လက်ရာများနှင့် အခြားကြီးမားသော ပစ္စည်းများပြသရန် ကျောက်စာရုံ သုံးခုပါဝင်ကြောင်း၊ ၁၉၉၅ ခုနှစ် နှစ်ဆန်းပိုင်းတွင် ရှစ်မြှောင့်သဏ္ဌာန်ပြတိုက်ငယ်တစ်ခုသာ ချန်လှပ်ပြီး ကျန်မြေနေရာတွင် အဆင့်မီခံ့ညားထည်ဝါသော ပြတိုက်ကြီးတစ်ခု စတင်တည်ဆောက်ခဲ့ရာ  ၁၉၉၈ ခုနှစ် ဧပြီလ ၁၇ ရက်နေ့တွင် ဖွင့်လှစ်ပြသနိုင်ခဲ့ကြောင်း ပြတိုက်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင်ချမ်းမြေ့ကရှင်းပြသည်။

အသစ်တည်ဆောက်ခဲ့သော ပုဂံရှေးဟောင်းသုတေသနပြတိုက်မှာ နှစ်ထပ်အဆောက်အအုံဖြစ်ပြီး ခံ့ညားထည်ဝါသည်သာမက အတွင်းရောအပြင်ပါ မြန်မာမှုလက် ရာ၊ အင်္ဂတေပန်းများ၊ သစ်သားပန်းပု၊ ကနုတ်ပန်းလက်ရာများ၊ ယွန်းရွှေဇဝါလက်ရာများ၊ ရွှေချည်ထိုးလက်ရာများနှင့် တင့်တယ်လှပစွာ တန်ဆာဆင်ထားသောကြောင့် အဝေးမှ ကြည့်ကြည့်၊ အနီးကကြည့်ကြည့် ရှုမငြီးနိုင်စရာ အသွင်ရှိနေကြောင်း၊ ၂၀၁၇ ခုနှစ်တွင် ကလေးပြတိုက်ကိုလည်း ပြတိုက်ကြီး၏ မြောက်ဘက်ရှိ ရှစ်မြှောင့်ပုံသဏ္ဌာန် အဆောက်အအုံတွင် ခင်းကျင်းပြသထားကြောင်းသိရသည်။

ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ၂၀၂၅ ခုနှစ်မတ်လမှအောက်တိုဘာလအထိ ပြည်တွင်းခရီးသွားဧည့်သည် (၂၇၃၄၉)ဦး၊ ပြည်ပခရီးသွားဧည့်သည် (၁၉၇)ဦး ၊ ၈ လ အတွင်း ပုဂံရှေးဟောင်းသုတေသနပြတိုက်သို့ ပြည်တွင်းပြည်ပခရီးသွားဧည့်သည် (၂၇၅၄၆)ဦး ဝင်ရောက်လေ့လာကြကာ၊ ပြတိုက်ဝင်ကြေး ကျပ် ၂၉၃၁၉၀၀၀ ကောက်ခံရရှိခဲ့ကြောင်း သိရသည်။

ပုဂံရှေးဟောင်းသုတေသနပြတိုက်အား တနင်္လာနေ့နှင့် အများပြည်သူရုံးပိတ်ရက်များမှအပ နေ့စဉ် နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲထိ ပုံမှန်ဖွင့်လှစ်ကြောင်း ရှေးဟောင်း သုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)မှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်တင် ချမ်းမြေ့ (ပြတိုက်တာဝန်ခံ)ထံက သိရသည်။

ဒီပါလင်း