ညောင်ဦး နိုဝင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်တွင် ပြည်ပပို့ကုန်သီးနှံထုတ်ကုန်များတွင် ပိုးသတ်ဆေး ဓါတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲအား နိုဝင်ဘာ ၈ ရက်၊ နံနက် ၉ နာရီက စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးယိုင်းခန့်ညား၊ ညောင်ဦးခရိုင် စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်တို့က အမှာစကား ပြောကြားသည်။
ညောင်ဦးမြို့နယ်တွင် အဓိကသီးနှံများဖြစ်သော မိုးစပါး (၁၆၆၄) ဧက၊ မိုးပဲမျိုးစုံ (၃၂၉၈၁) ဧက၊ မိုးဆီထွက်သီးနှံ (၁၆၇၇၆၃) ဧက အကောင်အထည်ဖော်စိုက်ပျိုးခဲ့ပြီး ဆောင်းဆီထွက်သီးနှံအနေဖြင့် ဆောင်းမြေပဲလျာထား (၁၈၈၆) ဧက၊ ဆောင်းနှမ်း (၂၅၂၃) ဧက၊ ဆောင်းနေကြာ(၉၅.၀၀) ဧက စိုက်ပျိုးနိုင်ရန် ဆောင်ရွက်လျက်ရှိသည်။
နေကြာမျိုးစေ့ထုတ်စံပြကွက်မှ တောင်သူများ မျိုးကောင်းမျိုး သန့်သုံးစွဲရေးအတွက် ဆင်းရွှေကြာ-၂ မျိုးများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီအဖွဲ့ဝင် ဦးယိုင်းခန့်ညား၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင်တို့က မျိုးပေးအပ်ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဌေးရီက ယူရီးယားမြေဩဇာနှင့် သဘာဝမြေဩဇာများ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့ကာ စံပြကွက်တောင်သူများအား ပံ့ပိုးပစ္စည်းပေးအပ်ခဲ့သည်။
အဆိုပါနည်းပညာပေးဆွေးနွေးပွဲအား စိုက်ပျိုးသီးနှံထုတ်ကုန်များ ပန်းတိုင်အထွက်နှုန်းရရှိရေးအပြင် ထွက်ရှိလာသော သီးနှံများ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းများ၊ ပန်းတိုင်အထွက်နှုန်းရရှိအောင် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ခရိုင်မြေအသုံးချရေးတာဝန်ခံ၊ မျိုးစေ့တာဝန်ခံ၊ သီးနှံကာကွယ်ရေးတာဝန်ခံ ဒုတိယဦးစီးမှူး ဦးမျိုးထက်ထန်မှ ပဲတီစိမ်းသီးနှံ ပိုးသတ်ဆေးဓာတ်ကြွင်းကင်းစင်ရေးနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး နည်းပညာပေးဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း၊ နည်းပညာပေးဆွေးနွေးဟောပြောပွဲသို့ စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများ၊ လုပ်ငန်းရှင်များ၊ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း