ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း (၃၇) နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့ အခမ်းအနား တက်ရောက်

စစ်တွေ နိုဝင်ဘာ ၈

ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ တက်ရောက်ကြသည်။

ဦးစွာ ရခိုင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက “ဒို့GA” သီချင်းဖြင့် သီဆိုဖျော်ဖြေကာ အခမ်းအနားကို ဖွင့်လှစ်ပေးကြသည်။

ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံတော်၏ အမျိုးသားရေးမျှော်မှန်းချက်နှင့် နိုင်ငံရေးမျှော်မှန်းချက်များ အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် ပြည်သူကိုဗဟိုပြုသည့် ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရားတည်ဆောက်ရေး၌ အဓိကကျသော ဌာနတစ်ခုဖြစ်ကြောင်း၊ ပြည်သူနှင့်တိုက်ရိုက်ထိတွေ့ပြီး ပြည်သူ့ ဝန်ဆောင်မှုလုပ်ငန်းများကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်ရာတွင် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ပြည်သူက ယုံကြည်အားထားရသည့် အုပ်ချုပ်ရေးယန္တရားကောင်း ဖြစ်စေရန်အတွက် နိုင်ငံတော်နှင့် လူမျိုးဂုဏ်သိက္ခာတို့ကို လေးစားတန်ဖိုးထားပြီး စံနမူနာပြဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မကြာမီကာလတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီး ပြည်သူလူထုက ရွေးကောက်တင်မြှောက်သည့် အစိုးရအသစ်တစ်ရပ် တာဝန်ယူမည်ဖြစ်ကြောင်း၊ အ‌ထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနအနေဖြင့် ပြည်သူလူထု၏ အကျိုးကိုရှေ့ရှုပြီး အစိုးရ၏ယန္တားကောင်းမွန်စွာလည်ပတ်အောင်မြင်အောင် ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်းပါဝင်ထမ်းဆောင်သွားရန်လည်း အထူလိုအပ်မည်ဖြစ်ကြောင်း၊ အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာန ဝန်ထမ်းများသည် မိမိတို့၏ဦးစီးဌာန ပင်မလုပ်ငန်းများအပြင် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ နိုင်ငံတော် မူဝါဒလမ်းစဉ်များ အကောင်အထည်ဖော်‌ရေး စသည့်လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသော သမိုင်းကောင်းရှိခဲ့သည့် ဌာနကြီးဖြစ်ပြီး မိမိတို့ကောင်းမွန်သည့် သမိုင်းအစဉ်အလာကို ဆက်လက်ထိန်းသိမ်းကြစေလိုကြောင်းနှင့် အစဉ်အလာ‌ကောင်းများကို ထိန်းသိမ်းကာ တာဝန်ထမ်းဆောင်နိုင်ရန်လည်း ဝန်ထမ်းအားလုံးက ဝိုင်းဝန်းကူညီအကောင်အထည်ဖော် ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဝန်ထမ်းများက “စည်းလုံးခြင်းအတွက် သီချင်းတစ်ပုဒ်” သီချင်းဖြင့် သီဆိုကပြ ဖျော်ဖြေကြပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန (ရုံးချုပ်)မှ ပေးပို့သည့် Video Clip အားပြသသည်။

ယင်းနောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်ဇနီးများ၊ တာဝန်ရှိသူတို့က ရခိုင်ပြည်နယ် အထွေ‌ထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သင်တန်းထူးချွန်ဆု၊ အားကစားထူးချွန်ဆုများ၊ ငါးကြိမ်အထက် သွေးလှူဒါန်းသည့် ဝန်ထမ်းများနှင့် တစ်နှစ်ပတ်လုံး ခွင့်မယူသည့် ဝန်ထမ်းများအား ဆုချီးများ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ ရခိုင်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက “ရခိုင်တို့မြေလာခဲ့လေ” သီချင်းဖြင့် သီဆိုကပြဖျော်ဖြေကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် ဆုရဝန်ထမ်းများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီးတာဝန်ရှိသူများသည် တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြသည့် ဝန်ထမ်းများအား ချီးမြှင့်ငွေများပေးအပ်ကာ အခမ်းအနားသို့ တက်ရောက်လာကြသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)