မြစ်ကြီးနား နိုဝင်ဘာ ၈
ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် အခမ်းအနားကို ကချင်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် ခရိုင်၊ မြို့နယ်များ စုပေါင်း၍ ယမန်နေ့နံနက်ပိုင်းတွင် ပြည်နယ်အစိုးရအဖွဲ့ရုံး မေခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြပြီး ဝန်ထမ်းသားသမီး တက္ကသိုလ်ဝင်တန်းအောင်မြင်သူများနှင့် အငြိမ်းစာဝန်ထမ်းများအား ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။
ရှေးဦးစွာ အခမ်းအနားကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများက ဒို့ GA သီချင်းဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနဝန်ထမ်းများသည် အစိုးရကို တာဝန်ခံပြီး နိုင်ငံတော်အပေါ် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ ပြည်သူလူထုအပေါ် လိုက်နာစောင့်ထိန်းရမည့် ကျင့်ဝတ်များနှင့်အညီ ပြည်သူကိုဗဟိုပြုလျက် ပြည်သူ့အကျိုးစီးပွားကို ဦးဆောင်ရွက်ကြသည့်သူများပင် ဖြစ်ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့် တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်သူများ၏ ဆန္ဒနှင့်လိုအပ်ချက်များကို အတတ်နိုင်ဆုံး ရိုင်းပင်းကူညီဖြည့်ဆည်းဆောင်ရွက်ပေးကြရန်၊ လုံခြံရေးအသိ၊ သတိရှိကြရန်နှင့် ဝန်ဆောင်မှုပေးရာတွင်လည်း ကိုယ်ကျင့်တရားကောင်းမွန်မှုနှင့် အဂတိတရားကင်းရှင်းရေးကို ရှေးရှုပြီး အစဉ်အလာကြီးမားသည့် ဌာန၏ သမိုင်းကြောင်းကို ကောင်းမွန်စွာ ဆက်လက်ထိန်းသိမ်းကြရန် လိုအပ်ပါကြောင်း ဂုဏ်ပြုပြောကြားသည်။
ဆက်လက်၍ ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး ဝန်ထမ်းများ၏ ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှု၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ သမိုင်းကြောင်း မှတ်တမ်းဗီဒီယို ဖွင့်လှစ်ပြသမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့နောက် ဂုဏ်ပြုချီးမြှင့်ခြင်း အစီအစဉ်ကို ဆက်လက်ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီး၊ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ အကြံပေးအဖွဲ့ဝင် ဒေါ်ဒွဲဘူ၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများက ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင် တန်းစာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ဝန်ထမ်းသားသမီး ကျောင်းသား၊ ကျောင်းသူများကိုလည်းကောင်း၊ နှစ်ပတ်လည်နေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲအားကစားပြိုင်ပွဲများတွင် ဆုရရှိသည့်ဝန်ထမ်းများအားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် ဇနီးတို့က အငြိမ်းစားထွေအုပ်ဝန်ထမ်းများနှင့် အရာထမ်း/ အမှုထမ်း ဝန်ထမ်းများအား အမှတ်တရဂုဏ်ပြုလက်ဆောင်များကို ပေးအပ်ခဲ့ကြပြီး ဝန်ထမ်းများ၏ ရိုးရာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့အတူ ပြည်နယ်ဝန်ကြီးချုပ်သည် နိုဝင်ဘာ ၆ ရက် နံနက် ၈ နာရီခွဲကလည်း မြစ်ကြီးနားမြို့ ပြည်သူ့အားကစားကွင်းအတွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပပြုလုပ်သည့် ကချင်ပြည်နယ်ဝန်ကြီးချုပ်ဖလား၊ အသက် ၂၅ နှစ်အောက်၊ ကလပ်ပေါင်းစုံ (အမျိုးသား/အမျိုးသမီး)ဘော်လီ ဘောပြိုင်ပွဲဖွင့်ပွဲ အခမ်းအနားကို တက်ရောက်ခဲ့ကြသည်။
ဖွင့်ပွဲအခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က ဘော်လီဘောအားကစားနည်းသည် ပြည်နယ်အတွင်း ရေပန်းစားလူကြိုက်များသည့် အားကစားနည်းတစ်ခုဖြစ်ပြီး ကျန်းမာရေးအတွက်သာမက စည်းလုံးညီညွတ်မှု၊ ညီကိုမောင်နှမစိတ်ဓာတ်၊ စည်းကမ်းရှိမှုနှင့် ယှဉ်ပြိုင်မှုစိတ်ဓာတ်များကို ပြုစုပျိုးထောင်းပေးသည့် ဂုဏ်သတ္တိလည်း ရှိပါကြောင်း၊ ယနေ့ပြိုင်ပွဲမှ ထူးချွန်ပြီး အရည်အချင်းရှိသည့် ကစားသမားများကို စီစစ်ရွေးချယ်ပြီး ပြည်နယ်ကိုယ်စားပြုအဖြစ် ဆက်လက်လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း တိုက်တွန်းပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် အမျိုးသားဘောလီဘောအသင်း(၁၀) သင်းနှင့် အမျိုးသမီးအသင်း (၆) သင်းတို့မှ အုပ်ချုပ်သူ၊ နည်းပြနှင့် ကစားသမားများအား ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်အားပေးခဲ့ကြပြီး နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းသူလေးများ၏ ကချင်ရိုးရာအကဖြင့် ကပြဖျော်ဖြေမှု၊ Grace Dancer Group မှ ကလေးငယ်များ၏ ကပြဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ပြိုင်ပွဲဖြစ်မြောက်ရေးအတွက် ပါဝင်ကူညီခဲ့ကြသည့် ဘင်ခရာအဖွဲ့၊ အလံကိုင်/ ဆိုင်းဘုတ်ကိုင်အဖွဲ့များနှင့် ဖျော်ဖြေရေးအကအဖွဲ့များအတွက် ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ပြီး အဖွင့်ပွဲစဉ်အဖြစ် အမျိုးသမီးဘော်လီဘောပြိုင်ပွဲဝင်အသင်းများဖြစ်သည့် ရွှေစက်ရပ်ကွက်ကိုယ်စားပြု Correction ကလပ်အသင်းနှင့် မိုင်းနားကလပ်အသင်းတို့၏ ယှဉ်ပြိုင်ကစားမှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ကြီးနားမြို့ အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း မဉ္ဇူသကခန်းမ၌ ကျင်းပပြုလုပ်သည့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ (Clean and Green Schools) အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ပြည်နယ်အစိုးရအဖွဲ့မှ ပံ့ပိုးငွေပေးအပ်ပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်အနေဖြင့် အခြေခံပညာကစပြီး တက္ကသိုလ်အဆင့်ထိ ပတ်ဝန်းကျင်ဆိုင်ရာပညာပေးရေးကို ဖော်ဆောင်လျက်ရှိသကဲ့သို့ အမျိုးသားအဆင့်နှင့် တိုင်းဒေသကြီး/ ပြည်နယ်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သည့် ကျောင်းများပေါ်ထွန်းလာအောင် ဖော်ဆောင်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် ငယ်ရွယ်သည့် အချိန်ကစ၍ ပတ်ဝန်းကျင်ကို ချစ်ခင်မြတ်နိုး၍ စဉ်ဆက်မပြတ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်လိုစိတ် ရှင်သန်စေပြီး ပတ်ဝန်းကျင်နှင့်သဟဇာတဖြစ်သည့်အမူအကျင့်ကောင်းများ ဖြစ်ထွန်းလာမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ၂၀၂၅-၂၀၂၆ ခုနှစ်၊ ကချင်ပြည်နယ်အတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းများ အစီအစဉ်အတွက် အကောင်အထည်ဖော် ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားခရိုင်အတွင်းမှ ယှဉ်ပြိုင်ကြမည့် အခြေခံပညာကျောင်းများအား ပံ့ပိုးငွေအဖြစ် အထက်တန်းအဆင့်ကျောင်းအတွက် ငွေကျပ် ၂၅ သိန်း၊ အလယ်တန်းအဆင့် ကျောင်းအတွက် ငွေကျပ်သိန်း ၂၀ နှင့် မူလတန်းအဆင့်ကျောင်းအတွက် ငွေကျပ် ၁၅ သိန်းနှင့် အခြေခံပတ်ဝန်းကျင်ဆိုင်ရာ ဘာသာရပ်အတွက် ဆရာလက်စွဲစာအုပ်အစုံ (၁၈၀) ကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ယင်းနောက် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်ဥပေဒချုပ်တို့က အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းအတွင်း သန့်ရှင်း၍ စိမ်းလန်းစိုပြည် ရေးခေါင်းစဉ်ဖြင့် လှုပ်ရှားဆောင်ရွက်မှုများဖြစ်သည့် ထက်၊ လယ်၊ မူအဆင့် စာစီစာကုံး၊ ပန်းချီ၊ ကဗျာရေးစပ်ပြိုင်ပွဲနှင့် ကဗျာရွတ်ဆိုပြိုင်ပွဲများတွင် ဆုရရှိခဲ့သောကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီးက ကျောင်းစာကြည့်တိုက်အတွက် သုတ/ ရသစာအုပ်စာစောင်များကို လည်းကောင်း အသီးသီးပေး အပ်ခဲ့ကြသည်။
ထို့နောက် ကျောင်းသား/ ကျောင်းသူလေးများ၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ကိုယ်တိုင်ရေး ကဗျာရွတ်ဆိုခြင်း၊ သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းနှင့် ပတ်သက်သည့် ပုံပြင်တို ပြောခြင်းနှင့် “ပတ်ဝန်းကျင်လှပဖို့ ဒို့လူငယ်များ နိုးကြားစို့” တေးသီချင်းဖြင့် ကပြဖျော်ဖြေခြင်းတို့ကို ကြည့်ရှုအားပေးခဲ့ကြပြီး ဆုရကျောင်းသား/ ကျောင်းသူများနှင့်အတူ အမှတ်တရ စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံရိုက်ကူးခဲ့ကြကာ ခန်းမအတွင်း ခင်းကျင်ပြသထားသော ကျောင်းပတ်ဝန်းကျင် သန့်ရှင်း၍ စိမ်းလန်းစိုပြည်ရေးလှုပ်ရှားဆောင်ရွက်မှုများနှင့် ပတ်ဝန်းကျင်ဆိုင်ရာ အသိပညာပေး ပြခန်း/ပြကွက်များကို စိတ်ဝင်တစား လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။
ထို့အပြင် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ မွန်းလွဲပိုင်းတွင် မြစ်ကြီးနားမြို့နယ် ပလနကျေးရွာအုပ်စု ပိတောက်မြိုင်ကျေးကရွာအတွင်းရှိ လော်ဝေါ်နှစ်ခြင်းခရစ်ယာန်အသင်းတော်ဘုရားကျောင်း၌ ချီဖွေနှင့် ဆော့လော်မြို့နယ်များမှ ယာယီတိမ်းရှောင်နေထိုင်လျက်ရှိသော နေရပ်စွန့်ခွာပြည်သူများနှင့် သွားရောက်တွေ့ဆုံ အားပေးခဲ့ကြသည်။
ထိုသို့ တွေ့ဆုံရာတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများက စခန်းအတွင်းရှိ အိမ်ထောင်စု (၈၄) စုတို့အတွက် ဆန် (၂၄) ပြည်ပါ ၈၄ အိတ်၊ ဆီ (၈၄) ပိဿာ၊ ကြက်ဥ (၁၆၈၀) လုံး တို့ကို ထောက်ပံ့ပေးအပ်ရာ စခန်းတာဝန်ခံက ကျေးဇူးတင်စကားနှင့် စခန်းနေမိသားစုများ၏ လိုအပ်ချက်များကို တင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ပြီး နိဂုံးချုပ်အားပေးစကားပြောကြားကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)