မော်လမြိုင် နိုဝင်ဘာ ၈
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၇ ရက်နေ့တွင် ကျရောက်သည့် ပြည်ထဲရေဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ (၃၇)နှစ်မြောက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ ရာမညခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အငြိမ်းစားအရာရှိကြီးများ၊ ပြည်နယ်အုပ်ချုပ်ရေးမှူးနှင့် အရာထမ်း/အမှုထမ်းများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့သည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံ့ဝန်ထမ်းကောင်းပီသစွာဖြင့် နိုင်ငံတော်က ပေးအပ်တဲ့တာဝန်တွေကို ရွှင်လန်းတက်ကြွစွာထမ်းဆောင်နိုင်ရန်၊စည်းလုံးညီညွတ်မှုကို တိုးမြှင့်ရန်နှင့် ချီးကျူးဂုဏ်ပြုထိုက်သူများကို ချီးမြောက်ခြင်းဖြင့် လေးစားအတုယူနိုင်စေရန် နှစ်ပတ်လည်နေ့ အခမ်းအနားကို နှစ်စဉ် ကျင်းပရခြင်းဖြစ်ကြောင်း၊ အထွေထွေအုပ်ချုပ်ရေး ဝန်ထမ်းများသည် နိုင်ငံတော်အဆင့်မှ ရပ်ကွက်၊ ကျေးရွာအဆင့်ထိ တာဝန်ထမ်းဆောင်ထမ်းဆောင်နေကြလျက်ရှိရာ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာမှာချမှတ်ထားသော မူဝါဒများနှင့် အညီ ရိုးသားမှန်ကန်စွာဖြင့် ပြည်သူများနှင့် တစ်သားတည်းဖြစ်အောင် ဆောင်ရွက်နိုင်ရန် အရေးကြီးကြောင်း၊ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများအနေဖြင့် ကျရာနေရာမှာ တာဝန်ကျေပွန်စွာ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများတွင် အားတက်သရော ပါဝင်ဆောင်ရွက်ခြင်းတို့အတွက် အသိအမှတ်ပြုမှတ်တမ်းတင်ပါကြောင်းနှင့် နိုင်ငံအကျိုး၊ ဒေသအကျိုးနှင့် ပြည်သူ့အကျိုးတို့ကို ဆထက်ထမ်းပိုးဆောင်ရွက်နိုင်သော ဝန်ထမ်းကောင်းများ ဖြစ်ကြစေကြောင်း ပြောကြားသည်။
ထို့နောက် ပြည်ထဲရေးဝန်ကြီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန(ရုံးချုပ်)မှ ပေးပို့လာသော အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သမိုင်းကြောင်းနှင့် လုပ်ငန်းစွမ်းဆောင်ချက်များ Video Clip အား ပြသခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်က ချီးမြှင့်ငွေကျပ်သိန်း (၂၀၀)အား ပေးအပ်ခဲ့ရာ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းထွေးမှ လက်ခံရယူခဲ့ပြီး အမျိုးသား/ အမျိုးသမီး ဝန်ထမ်းများအတွက် တူညီဝတ်စုံများ ပေးအပ်ခဲ့ကြသည်။
ဆက်လက်၍ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မှစေလွှတ်သောသင်တန်းများတွင် ထူးချွန်ဆုရရှိသူများအား ဂုဏ်ပြုဆုနှင့်ထပ်ဆင့်ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မွန်ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအဆင့်ဆင့်မှ ၂၀၂၅ ခုနှစ်၊ တစ်နှစ်တာကာလအတွင်း ဆောင်ရွက်ချက်မှတ်တမ်းများအား ပြသခဲ့မှုအပေါ် ကြည့်ရှုအားပေးခဲ့ပြီး ဝန်ထမ်းများအား ရင်းရင်းလိုက်လံနှုတ်ဆက်ကာ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရှိရသည်။
ပြည်နယ်(ပြန်/ဆက်)