မော်လမြိုင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲအခမ်းအနား ကျင်းပ

မော်လမြိုင် နိုဝင်ဘာ ၈

မော်လမြိုင်မြို့နယ်၌ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက အမှတ် (၉) အခြေခံပညာအထက်တန်းကျောင်း ဦးသာညှင်းအဆောင်၌ ကျင်းပပြုလုပ်သည်။

အဆိုပါ ဟောပြောပွဲတွင် မွန်ပြည်နယ်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းထွန်းက ကျောင်းသား/သူများအား သစ်တောသစ်ပင်ပြုစုထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ၊ မီးခိုးမြူငွေ့ဖြစ်ပေါ်လာသည့်အချက်များ၊ မီးခိုးမြူငွေ့အမျိုးအစားများ၊ မီးခိုးမြူငွေ့၏ ဆိုးကျိုးများ၊ ကာကွယ်နိုင်သည့်နည်းလမ်းများ၊ တောမီးအန္တရာယ်နှင့် ကြိုတင်ကာကွယ်နိုင်ရေးနည်းလမ်းများနှင့် သစ်ပင်စိုက်ပျိုးပြုစုထိန်းသိမ်းခြင်းကြောင့် ရာသီဥတုကောင်းမွန်လာစေခြင်း အကျိုးကျေးဇူးများကို အသိပညာပေး ဟောပြောခဲ့ပြီး အဆိုပါအကြောင်းအရာများနှင့်ပတ်သက်၍ ကျောင်းသား/ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းကြရာ မွန်ပြည်နယ်၊ သစ်တောဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့သည်။

ထို့နောက် သစ်တောဦးစီးဌာနမှထုတ်ဝေသည့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးနှင့် သဘာဝဝန်းကျင် တိုးတက်ကောင်းမွန်လာစေရေးအတွက် အထောက်အကူပြုစေမည့် အသိပညာပေးလက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား ဖြန့်ဝေပေးခဲ့ပြီး သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်သည့် Video Clip အား ပြသခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)