နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး ပျဉ်းမနားမြို့နယ်အတွင်း စိုက်ပျိုးမွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေး

နေပြည်တော် နိုဝင်ဘာ ၈

နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးသည် တာဝန်ရှိသူများနှင့်အတူ နိုဝင်ဘာ ၆ ရက်နေ့ နံနက်ပိုင်းက ပျဉ်းမနားမြို့နယ်၊ ငကောင်းကံအုပ်စု၊ ဇီးကုန်းကျေးရွာ၊ KC ခန်းမ၌ တောင်သူများနှင့်တွေ့ဆုံ၍ ရာသီပြည့်သီးနှံစိုက်ပျိုးရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် နည်းပညာပေး အခမ်းအနားသို့တက်ရောက်သည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဗိုလ်မှူးကြီးရဲမိုးက လယ်ယာစိုက်ပျိုးရေးကဏ္ဍကို အောင်မြင်အောင်အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အပြည့်အဝ ပြောင်းလဲကျင့်သုံးရေးသည်လည်း အလွန်အရေးပါလျက်ရှိပါကြောင်း၊ စိုက်ပျိုးရေးကဏ္ဍတွင် သီးနှံများ အောင်မြင်ဖြစ်ထွန်းဖို့ မျိုး၊ မြေ၊ ရေ၊ နည်းစသည့် ကဏ္ဍ(၄)ရပ်က အရေး ပါသလို စိုက်ပျိုးထုတ်လုပ်သူ တောင်သူများ၏ ပူးပေါင်းပါဝင်မှု နည်းစနစ်များကို စနစ်တကျ လိုက်ပါဆောင်ရွက်မှုတို့ကလည်း အလွန်အရေးကြီးပါကြောင်း၊ တောင်သူများအား ဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာ တိုက်ရိုက်ဖြန့်ဖြူးပေးနိုင်ရေးအတွက် နေပြည်တော်ကောင်စီ နယ်မြေအတွင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်းနှင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ပြီး သီးနှံများ ပန်းတိုင် အထွက်နှုန်းရရှိရေး ဝိုင်းဝန်းကြိုးပမ်းသွားကြရန်ပြောကြား၍ တောင်သူများထံ မျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပျဉ်းမနားမြို့နယ်၊ ရန်ကုန်-မန္တလေးလမ်းဟောင်း၊ ပေါင်းလောင်းအားကစားကွင်းရှေ့၌ အုတ်စီရေမြောင်းပြုလုပ်ခြင်းလုပ်ငန်းများအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ ဆောင်ရွက်ရန်၊ သတ်မှတ်ကာလအတွင်း အချိန်မှီပြီးစီးရေး၊ ပတ်ဝန်းကျင် သန့်ရှင်းစေရေးပါ တချိန်တည်းဆောင်ရွက်သွားရန် မှာကြားခဲ့သည်။ ထို့နောက် ပျဉ်းမနားမြို့နယ်၊ တပ်ပိုးကျေးရွာတွင် ဦးသိန်းဆိုင်၏ နို့စားနွားမွေးမြူရေးခြံသို့ ရောက်ရှိပြီး နို့စားနွားများ မွေးမြူထားရှိမှု အခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)