နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးစပါးစံကွက်ရိတ်သိမ်းပွဲ၊ အဓိကသီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူပညာပေး ဆွေးနွေးပွဲနှင့် မြေအသုံးချမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်

နေပြည်တော် နိုဝင်ဘာ ၈

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကောမတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ် ကြို့ပင်ကျေးရွာအနီး H1 လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့သည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ လယ်ဝေးမြို့နယ် ကြို့ပင်ကျေးရွာ ကွင်းအမှတ် (၁၈၁၀) ကွင်း၌ တောင်သူ ဦးကျော်ဌေး၏ ဆင်းသုခ မိုးစပါး (၆) ဧကတွင် မိုးစပါးစံကွက် ရိတ်သိမ်းနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

ကြို့ပင်ကျေးရွာ ကွင်းအမှတ် (၁၈၁၀) ကွင်း၌ တောင်သူ ဦးကျော်ဌေး၏ မိုးစပါးစိုက်ခင်းတွင် စိုက်ပျိုးထားသည့် ဆင်းသုခစပါးမျိုးကို ရိတ်သိမ်းရာတစ်ဧကလျှင် စပါးအစိုထွက် ၁၀၈ တင်းနှုန်း ထွက်ရှိခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ တာဝန်ရှိသူများနှင့်အတူလယ်ဝေးမြို့နယ်၊ ကွမ်းခြံကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ အဓိကသီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး တောင်သူပညာပေး ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည်။

ဦးစွာ  နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက မျိုး၊ မြေ၊ ရေ၊ နည်း နည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုးရေး၊ အထွက်နှုန်းနှင့် ဈေးကောင်းရရှိသည့် သီးနှံမျိုးများ ရွေးချယ်စိုက်ပျိုးသွားရန်၊ ခေတ်မီနည်းစနစ်များဖြင့် စိုက်ပျိူးရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်သွားရန်၊ သဘာဝမြေဩဇာကို တောင်သူများကိုယ်တိုင် ပြုလုပ်သုံးစွဲရေးနှင့် သီးနှံများတွင် ပိုးသတ်ဆေးဓာတ်ကြွင်းများမကျန်ရှိစေရေးအတွက် သဘာဝမြေဩဇာကို ထိရောက်စွာအသုံးပြုသွားရန်၊ သီးနှံများ ပန်းတိုင်အထွက်နှုန်းရရှိရေးနှင့် တစ်နှစ်သုံးသီး ရာသီပြည့် စိုက်ပျိုးနိုင်ရေး၊ လယ်ယာ‌မြေများတွင် ပလပ်မြေမရှိအောင် ကွက်ပြည့်စိုက်ပျိုးနိုင်ရေး၊ ဆောင်းသီးနှံနှင့် နွေသီးနှံများကို အချိန်မီ စိုက်ပျိုးနိုင်ရေးနှင့် ရည်မှန်းချက်ပန်းတိုင်ထွက်ရှိရေးကို ထိထိရောက်ရောက် အလေးထားဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် စပါး၊ အခြားသီးနှံများနှင့် နေကြာသီးနှံအပါအဝင် ဆီထွက်သီးနှံများကို အထွက်နှုန်းကောင်းမွန်စွာ ထွက်ရှိရေးအတွက် မျိုးကောင်း၊ မျိုးသန့်များကို ရွေးချယ်စိုက်ပျိုးကြရမှာဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တာဝန်ရှိသူများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးပြောကြားခဲ့ပြီး တက်ရောက်လာသည့် တောင်သူများ၏ ဆွေးနွေးတင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး တောင်သူများအား ဆင်းရွှေကြာ-၂ နေကြာ‌မျိုးစေ့များနှင့် နေပြည်တော်ကောင်စီဝင်များက သဘာဝမြေဩဇာများ ပေးအပ်ခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ်အတွင်း သန့်ရှင်းသာယာလှပရေးဆောင်ရွက်နေမှုများနှင့် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် လမ်းပိုင်းများ နိုင်လွန်ကတ္တရာ(AC) ခင်းကျင်းနေမှုများကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လမ်းဘေးဝဲယာစိမ်းလန်းစိုပြေရေးအတွက် ပန်းအလှပင်များ စိုက်ပျိုးသွားရန်နှင့် လုပ်ငန်းများအပိုင်းလိုက် အမြန်ပြီးစီးအောင် ဆောင်ရွက်ရေး၊ ရေရှည်ခိုင်ခံ့မှုရှိအောင် စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ လူအင်အား၊ စက်ယန္တရားအင်းအား တိုးမြှင့်ပြီး လုပ်ငန်းအပိုင်းလိုက်အမြန်ပြီးစီးအောင် အင်တိုက်အားတိုက် ဆောင်ရွက်ရန်တို့ကို မှာကြားခဲ့သည်။

ဆက်လက်၍ မွန်းလွဲပိုင်းတွင် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် မြေအသုံးချမှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ကောင်စီ ဇမ္ဗူသီရိခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ နေပြည်တော်အဆင့်၊ ခရိုင်အဆင့်နှင့် မြို့နယ်အဆင့်များမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက မြေအရင်းအမြစ်များသည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုများနှင့် စားဝတ်နေရေးအတွက် အခြေခံကျသော အဓိကအရင်းအမြစ်များဖြစ်ပါသကဲ့သို့ တိုင်းရင်းသားလူမျိုးများ၏ ရိုးရာဓလေ့ထုံးစံ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ဆက်နွယ်သော အရင်းအမြစ်တစ်ခုလည်းဖြစ်ပါကြောင်း၊ နိုင်ငံရေး၊ စီးပွားရေး၊ သဘာဝပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ပဋိပက္ခများသည်လည်း မြေအရင်းအမြစ်များကို အသုံးချမှုနှင့် ဆက်စပ်လျက်ရှိသည့်အတွက် ပြည့်စုံကောင်းမွန်သော မြေအသုံးချမှုစနစ်သည် အရေးကြီးသည့်အတွက် လိုအပ်နေသော အမျိုးသားမြေ အသုံးချမှုမူဝါဒကို အများပြည်သူပါဝင်မှုဖြင့် ရေးဆွဲပြီး ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလမှာ ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ လုပ်ငန်းကော်မတီအနေဖြင့် အမျိုးသားမြေဥပဒေ မူကြမ်းရေးဆွဲပြုစုခြင်း၊ အချိန်ကာလသတ်မှတ်ချက်ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လမှ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလအထိ ၁၅ လ လျာထားသတ်မှတ်ကာ ဆောင်ရွက်ခဲ့ပြီး ယခုဆိုလျှင် အမျိုးသားမြေဥပဒေမူကြမ်း ထွက်ရှိလာပြီဖြစ်ပါကြောင်း၊ မြေများနှင့်ပတ်သက်၍ မြေသိမ်းဆည်းခြင်း၊ လျော်ကြေးပေးခြင်း ကိစ္စရပ်များတွင် ပြည်သူများ နစ်နာဆုံးရှုံးမှုမရှိစေရေးနှင့် တစ်ဖက်တွင်လည်းနိုင်ငံတော်အတွက် မြေယာလျော်ကြေးကိစ္စများတွင် ဝန်ထုပ်ဝန်ပိုးမဖြစ်စေရန် လိုအပ်ပါကြောင်း၊ အမျိုးသားမြေအသုံးချမှုမူဝါဒပါရည်ရွယ်ချက်များ၊ လမ်းညွှန်မှုများနှင့်အခြေခံမူများနှင့်အညီ အမျိုးသားမြေအသုံးချမှုကောင်စီ၏ လုပ်ငန်းတာဝန်များကို ဆက်လက်၍ အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန်နှင့် အမျိုးသားမြေဥပဒေတစ်ရပ် ခိုင်မာစွာပေါ်ထွန်းလာရေးအတွက် နေပြည်တော်မြေအသုံးချမှုကော်မတီအဖွဲ့ဝင်များ၊ လုပ်ငန်းကော်မတီများအနေဖြင့် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သသည်။

ယင်းနောက် တက်ရောက်လာကြသူများမှ သက်ဆိုင်ရာ ကဏ္ဍအလိုက် အသီးသီးဆွေးနွေးတင်ပြကြရာ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)