ဆိပ်ကြီးခနောင်တို နိုဝင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်အတွင်းရှိ မြို့နယ်နေပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး ဝန်ထမ်းများက သက်ဆိုင်ရာရပ်ကွက်များအလိုက် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ပူးပေါင်းကာ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းမှစ၍ ခနောင်တိုအရှေ့ရပ်ကွက်နှင့် ခနောင်တိုအနောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ရပ်ကွက်နေပြည်သူများအား ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆိပ်ကြီးခနောင်တိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဆောင်၍ သက်ဆိုင်ရာ ရပ်ကွက်အလိုက် တာဝန်ကျဝန်ထမ်းများက ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ မြို့နယ် ရပ်ကွက်အတွင်း အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ ပျက်စီးသူများ၊ အသက်အရွယ်အလိုက် အသစ်လဲလှယ်မည့်သူများအား သတ်မှတ်အထောက်အထား ပြည့်စုံစွာဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းပြုလုပ်ပေးလျက်ရှိသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်တွင် ရပ်ကွက် ၉ ရပ်ကွက်ရှိရာ ယခုကဲ့သို့ နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်းကို သက်ဆိုင်ရာရပ်ကွက်များအလိုက် အလှည့်ကျ ဆက်လက်ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။
ဝေယံ(ပြန်/ဆက်)