မူဆယ်မြို့တွင် အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲ ဆောင်ရွက်

မူဆယ် နိုဝင်ဘာလ ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့၊ အခြေခံပညာမူလတန်းကျောင်း (ကောင်းမူး) ၌ ကျောင်းသား/ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတ တိုးပွားစေရေးအတွက် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မူဆယ်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်စန္ဒာဝင်းက မူးယစ်ဆေးဝါးကင်းစင်သည့် ကျောင်းသား/ကျောင်းသူ လူငယ်များဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာသည့် ရောဂါများ၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများအကြောင်းကို ဟောပြောခဲ့သည်။ ဆက်လက်၍ ဒုတိယဦးစီးမှူး ဒေါ်ဇာဖြိုးလွင်က ကျောင်းသား/သူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာအုပ်စာစောင်များ   လေ့လာဖတ်ရှုပြီး ပြင်ပဗဟုသုတ တိုးပွားစေရန် စာဖတ်ကြပါခေါင်းစဉ်နှင့် ဒုတိယဦးစီးမှူး ဒေါ်ဆိုင်းမိုင်က ကလေးအလုပ်သမားပပျောက်ရေး အကြောင်းတို့ကို ဟောပြောခဲ့ပါသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသည့် လူငယ်ဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များ၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်များ၊ သုတရသစာအုပ်စာစောင်များကို ဆရာ၊ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှု မှတ်သားကြကြောင်း သိရှိရပါသည်။

ချယ်ရီမြေ(မူဆယ်)