တွံတေး နိုဝင်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသားလူငယ်များ စာအုပ်စာပေနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေဖတ်ရှုခြင်းအားဖြင့် အထွေထွေဗဟုသုတ တိုးပွားလာစေရန် ရည်ရွယ်၍ တွံတေးမြို့၊ အ.မ.က(ကျွန်းတောတိုးချဲ့)ကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးအသိပညာပေးဟောပြောပွဲ၊ စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲတို့ကို ယမန်နေ့ နေလယ် ၁ နာရီခွဲအချိန်က အဆိုပါကျောင်း၌ ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါဟောပြောပွဲတွင် အ.မ.က(ကျွန်းတောတိုးချဲ့)ကျောင်းအုပ်ဆရာမကြီး ဒေါ်ရီရီမော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ဖြူဖြူဝင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ ရည်မှန်းချက်၊ရည်ရွယ်ချက်များ၊ ယနေ့လူငယ်နှင့် ရသစာပေခေါင်းစဉ်ဖြင့် ဟောပြောရာတွင် ကျောင်းသား/ ကျောင်းသူများအနေဖြင့် ကျောင်းမှသင်ကြားပေးသော ပညာရပ်များအပြင် အခြားသောအထွေထွေဗဟုသုတအတွက် စာပေဖတ်ရှုရန်လိုအပ်ကြောင်း၊ စာအုပ်စာပေကသာ ကျောင်းသား/ကျောင်းသူများ၏ ဘဝကိုပြောင်းလဲပေးနိုင်ကြောင်း၊ စာပေဖတ်ရှုသည့်အတွက် အကျိုးအကြောင်း အဆိုးအကောင်းတို့ကို ဝေဖန်ပိုင်းခြားတတ်လာမည်ဖြစ်ကြောင်း၊ မည်သည့်ကိစ္စကိုမဆို ကိုယ်တိုင်စဉ်းစား တွေးခေါ်တတ်လာမည်ဖြစ်ကြောင်းနှင့် အမျိုးသားအောင်ပွဲနေ့အကြောင်းသိကောင်းစရာများ ရှင်းလင်းပြောကြားခဲ့သည်။
ယင်းနောက် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးသန်းနိူင်က စားသုံးသူရေးရာအကြောင်းနှင့် ကုန်ညွှန့်အမှတ်အသားအကြောင်းတို့ကို ဟောပြောခဲ့သည်။ ဆက်လက်၍ ဟောပြောပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာနရုံးမှ ခင်းကျင်းပြသထားသည့် စာအုပ်စာစောင်များ၊မူးယစ်ဆေးဝါးအန္တရာယ်ကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး နံရံကပ်ပြဘုတ်များအား ကျောင်းသား/ ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
မျိုးလှိုင် တွံတေး