စမ်းချောင်း နို၀င်ဘာ ၇
ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင် စမ်းချောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ ယမန်နေ့ မွန်းလွဲ (၁)နာရီက ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲ ကျင်းပခဲ့သည်။
ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဖြူသွယ်ထွန်းက လူငယ်နှင့်စာပေအကြောင်း အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆို ပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ဆက်လက်ကျင်းပရာ ဒုတိယဦးစီးမှူး ဒေါ်သန္တာမြင့်မြင့်ကျော်က ပြိုင်ပွဲများ ဆောင်ရွက်ပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူများပြည်သူ့စာကြည့်တိုက်နှင့် ပိုမိုရင်းနှီးမှုရှိစေရန် ဉာဏ်ရည် ဉာဏ်သွေး ထက်မြက်စေပြီး ပူးပေါင်းဆောင်ရွက်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာဗဟုသုတ တိုးပွားစေရန်၊ စာဖတ်သည့် အလေ့အကျင့်ကောင်းမျာ ရရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ စမ်းချောင်းမြို့နယ် အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူများ ၀င်ရောက်ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲတွင် ဆုရရှိကြသော ကျောင်းသား၊ ကျောင်းသူများအား အမှတ်တရလက်ဆောင် ပစ္စည်းများပေးအပ်ခဲ့ပြီး ကျောင်းသား၊ ကျောင်းသူလေးများက ပြသထားသော အသိပညာပေးနံရံကပ် စာစောင်နှင့်စာအုပ်စာစောင်များအား စိတ်ပါ၀င်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ဖြူသွယ်ထွန်း (ပြန်/ဆက်)