သုံးခွမြို့နယ် အမက (၄) ကျောင်းတွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်ပြပွဲ  ကွင်းဆင်းဆောင်ရွက်

သုံးခွ နိုဝင်ဘာ ၇

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် အမက(၄)ကျောင်း၌ ကျောင်းသား/သူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများရရှိစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ နံရံကပ်စာစောင်ပြပွဲ နှင့်စာအုပ်ပြပွဲကို အ.မ.က (၄) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

ရှေးဦးစွာ တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်ကြူကြူသင်းက ​ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ထက်ထက်ရှိန်က နယ်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်ရာတွင် ကျောင်းသား/သူလေးများအား သဘာဝဘေးအန္တရာယ်ကျရောက်လာပါက ဆောင်ရန်၊ ရှောင်ရန်များအချက်များ၊ ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများစသည့် သဘာဝဘေးအန္တရာယ်အကြောင်းအရာအများနှင့် ကျောင်းသားလူငယ်များ စာပေဖတ်ရှုခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများကို ပြောကြားခဲ့ကြောင်းသိရသည်။

ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာနမှ ဒေါ်တင်မေလွင် က ကျောင်းသား/သူများ စားသုံးရန်မသင့်သည့် အချိုရည်များ၊ အစားအစာများကို ဟောပြောခဲ့ကြောင်း သိရသည်။ ဟောပြောပွဲအပြီးတွင် ​ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲကို ဆရာ/ဆရာမများနှင့် ကျောင်း သား/သူ(၉၈) ဦးတို့က စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြောင်းသိရသည်။

သုံးခွမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အပတ်စဥ် ​ရပ်ကွက်နှင့်ကျေးရွာ အခြေခံ ပညာကျောင်းများသို့ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်ပြပွဲ ၊ဟောပြောပွဲနှင့် စာအုပ်ပြပွဲများကိုကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။

စည်သူလင်း(ပြန်/ဆက်)