ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦး (၄၉)ကြိမ်မြောက် အာဆီယံဆိပ်ကမ်းများအသင်း (ASEAN Ports Association) နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲ အခမ်းအနားတက်ရောက်

အင်းစိန် နိုဝင်ဘာ ၆

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြထွန်းဦးသည် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ အိမ်ရှင်နိုင်ငံအဖြစ် နိုဝင်ဘာလ ၆-၇ ရက် များတွင် ရန်ကုန်မြို့ Wyndam Grand Yangon Hotel ၌ လက်ခံကျင်းပမည့် (၄၉)ကြိမ်မြောက် အာဆီယံဆိပ်ကမ်းများအသင်း နှစ်ပတ်လည်အစည်းအဝေးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။

ဖွင့်ပွဲအခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီးဝန်ကြီးများ၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ဦးဆောင်ညွှန်ကြားရေးမှူးနှင့် ဝန်ကြီးဌာန လက်အောက်ရှိ ရေကြောင်းဘက်ဆိုင်ရာဦးစီးဌာန၊ လုပ်ငန်းဌာနများမှ ညွှန်ကြားရေးမှူးချုပ်များနှင့် ဦးဆောင်ညွှန်ကြားရေးမှူးများ၊ အာဆီယံဆိပ်ကမ်းများအသင်း၏ ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်မှ ဝန်ထမ်းများ၊ ပုဂ္ဂလိကဆိပ်ကမ်းတံတားများမှ တာဝန်ရှိသူများ (၁၂၀) ဦး တက်ရောက်ကြသည်။

ရှေးဦးစွာ ပြည်ထောင်စုဝန်ကြီးသည် အာဆီယံဆိပ်ကမ်းများအသင်း၏ ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ အဖွဲ့ဝင်နိုင်ငံအသီးသီး၏ ကိုယ်စားလှယ်ခေါင်းဆောင်များကို သီးသန့်လက်ခံတွေ့ဆုံသည်။ ထို့နောက် အစည်းအဝေးဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားရာတွင် မြန်မာနိုင်ငံအနေဖြင့် အစည်းအဝေးကိုအိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့်ရသည့်အတွက် များစွာ ဂုဏ်ယူဝမ်းမြောက်ရပါကြောင်း၊ ဧည့်သည်တော်ကြီးများအားလုံးကို လှိုက်လှဲ နွေးထွေးစွာကြိုဆိုပါကြောင်း၊ အသင်းဝင်နိုင်ငံအများစုက လူကိုယ်တိုင် တက်ရောက်ပေးကြတဲ့အတွက်လည်း ကျေးဇူးအထူးတင်ရှိပါကြောင်း၊ ယခုအစည်းအဝေးကိုအာဆီယံ၏ ဆောင်ပုဒ်ဖြစ် သော“One Vision, One Identity, One Community”အရ အာဆီယံဆိပ်ကမ်းလုပ်ငန်း အသိုက်အဝန်းအတွင်းဘုံ အကျိုးစီးပွားဖြစ်ထွန်းရေးနှင့် ရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုဆီသို့အတူတကွလျှောက်လှမ်းနိုင်ရေးရည်မှန်းချက်များဖြင့် အာဆီယံဆိပ်ကမ်းများအသင်း ၏ “Navigating Together, Sustainable Forever” ဆောင်ပုဒ်နှင့်အညီ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ဆိပ်ကမ်းများသည် အာဆီယံဒေသကြီးရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အဓိကမောင်းနှင် အားများဖြစ်ကြကြောင်း၊  ယခုအစည်းအဝေးတွင် ပင်လယ်ရေကြောင်းဖြင့် ကုန်သွယ်မှုကွန်ယက် ပိုမိုအားကောင်းလာစေရေး၊ ဆိပ်ကမ်းများစွမ်းဆောင်ရည်မြှင့်တင်နိုင်ရေးနှင့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုးတက်မှုရရှိရေးတို့အတွက် လက်တွေ့ကျသော မဟာဗျူဟာလုပ်ငန်းစဉ်များနှင့် ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများကို ဆွေးနွေးနိုင်ကြမည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့ ဒေသတွင်း ဆိပ်ကမ်းများအကြား ချိတ်ဆက်မှု(Connectivity)နှင့် စွမ်းဆောင်ရည် (Performance) ပိုမိုကောင်းမွန်စေရေးအတွက် ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းခြင်း (Digital Transformation), ဆန်းသစ်တီထွင်ခြင်း(Innovation), ကာဗွန်ထုတ်လွှတ်မှုလျှော့ချခြင်း (Decarbonization)နှင့် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်အောင်ဆောင်ရွက်ခြင်း(Human Resource Development) တို့ကို အသင်းဝင်နိုင်ငံအသီးသီးက ဆောင်ရွက်လျက်ရှိကြကြောင်း၊ ယခုအစည်းအဝေးတွင် နိုင်ငံအလိုက်အတွေ့အကြုံကောင်းများကို မျှဝေခြင်းဖြင့် အပြန်အလှန် အကျိုးရှိစေနိုင်မည်ဖြစ်ကြောင်း၊ ဧည့်သည်တော်ကြီးများအနေဖြင့် ရန်ကုန်မြို့တွင် ရောက်ရှိနေထိုင်ကြစဉ် ကာလအတွင်း မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာလူမျိုးများ၏ နွေးထွေးပျူငှာမှုတို့ကို ခံစားရင်း ပျော်ရွှင်နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းပါကြောင်း ပြောကြားသည်။

ဆက်လက်၍ အာဆီယံဆိပ်ကမ်းများအသင်း၏ ဥက္ကဋ္ဌဘရူနိုင်းနိုင်ငံမှ Capt. BaszaAlexzandarBasri က အဖွင့်အမှာစကားပြောကြားပြီး မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ ဦးဆောင်ညွှန်ကြားရေးမှူးဦးဇော်ထွန်းလွင်က အနှစ်ချုပ် အမှာစကားပြောကြားသည်။

အာဆီယံဆိပ်ကမ်းများအသင်းကို ၁၉၇၄ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်၍ နှစ် (၅၀) ရွှေရတုကို ကျော်လွန်ခဲ့ပြီးဖြစ်ကြောင်း၊ မြန်မာနိုင်ငံသည် ၂၀၀၅ ခုနှစ်တွင် အသင်းဝင်နိုင်ငံဖြစ်လာ ခဲ့ကြောင်း၊ ယခုအခါ အသင်းကြီးတွင် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ မလေးရှား၊ မြန်မာ၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်၊ အဖွဲ့ဝင်(၉) နိုင်ငံပါဝင်ပြီး၊ ဒေသတွင်း ဆိပ်ကမ်းလုပ်ငန်းအသိုက်အဝန်းတစ်ခုအဖြစ် ခိုင်မာစွာရပ်တည်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)