ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ သာသနာ့ဗိမာန်တော်ကြီး အကြီးစားပြုပြင်မွမ်းမံခြင်း လုပ်ငန်းစီမံချက်နှင့် ပြီးစီးမှုအခြေများအား လှည့်လည်ကြည့်ရှု၊ ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏(၁/၂၀၂၅)ကြိမ်မြောက် အစည်းအဝေးတက်ရောက်

စစ်တွေ နိုဝင်ဘာ ၆

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်မြတ်ကြီး ပုရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်ကြီးအား အကြီးစားပြုပြင် မွမ်းမံခြင်းလုပ်ငန်း ဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးနေမှုအခြေများအား လှည့်လည်ကြည့်ရှု စစ်ဆေးကြသည်။

ဦးစွာ သာသနာ့ဗိမာန်တော်ကြီးအား အကြီးစားပြုပြင် မွမ်းမံခြင်းလုပ်ငန်းဆောင်ရွက်နေမှုနှင့် ဆောင်ရွက်ပြီးစီးနေမှုအခြေများအား စစ်တွေတပ်နယ်မှ ဆောက်လုပ်ရေးတာဝန်ခံက ရှင်းလင်းတင်ပြရာ ပြည်နယ်သယံဇာတရေးရာ ဝန်ကြီးက မွမ်းမံခြင်းလုပ်ငန်းနှင့် ပတ်သက်၍ ဖြည့်စွက်ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က မူလဗိသုကာဒီဇိုင်းအတိုင်း စနစ်တကျစေတနာထားဆောင်ရွက်သွားကြရန်မှာကြားပြီး လိုအပ်သည်များကို ပေါင်းစပ်ပြီးညှိနှိုင်းပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့သည် လုပ်ငန်းသုံးပစ္စည်းများရောက်ရှိနေမှုနှင့် သာသနာ့ဗိမာန်တော်ကြီးအား အကြီးစား ပြုပြင်မွမ်းမံနေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် နိုဝင်ဘာလ ၅ ရက် နေ့လယ်ပိုင်းက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၅)ကြိမ်မြောက် အစည်းအဝေးတက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက နိုင်ငံစီးပွားဖွံ့ဖြိုးတိုးတက်ရေး၌ အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးနှင့်မွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုသည် ပြည်သူတို့၏ လူမှုစီးပွားဘဝကို စဉ်ဆက်မပြတ်မြှင့်တင်ရေး ဦးတည်ချက်နှင့်အညီမူဝါဒများချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ရခိုင်ပြည်နယ်အတွင်းတွင် အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံမှု ကဏ္ဍများဖြစ်သည့် စက်မှုကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေး၊ ရေလုပ်ငန်းကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍတို့သည် ပြည်နယ်အတွင်းရှိပြည်သူများ လူမှုဘဝဖွံ့ဖြိုး တိုးတက်ရေးအတွက် အလွန်အရေးပါပြီး အခြေခံကျသည့် ကဏ္ဍများဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်၏ အဓိကလုပ်ငန်းများဖြစ်ကြသည့် ရေထွက်ပစ္စည်းများ ထုတ်လုပ်ခြင်းလုပ်ငန်း၊ အအေးခန်း၊ စည်သွပ်နှင့် ထုပ်ပိုးစက်ရုံများ၊ စပါး၊ ပြောင်း၊ ပဲ၊ ငရုတ်၊ ဂျင်း၊ နနွင်း၊ ဟင်းသီးဟင်းရွက်စသည့် အဓိက စိုက်ပျိုးသီးနှံများနှင့် ကြံ၊ ရော်ဘာ၊ သီဟိုဋ်၊ စိုက်ပျိုးရေးလုပ်ငန်းများ ကျွဲ၊ နွား၊ ကြက်၊ ငါး၊ ပုဇွန်နှင့် ကဏန်း စသည့်တို့ကို စီးပွားဖြစ်မွေးမြူခြင်း၊ ဆားထုတ်လုပ်ခြင်းလုပ်ငန်းတို့အပြင် ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများနှင့် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းများသည် ရခိုင်ပြည်နယ်အတွင်းရှိပြီး အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ကြသည့် လုပ်ငန်းများဖြစ်ကြောင်း၊ ယနေ့အစည်းအဝေးတွင် ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အတည်ပြုမိန့်ပါ ပြောင်းလဲခွင့်ပြုရန်တင်ပြလာမှုနှင့် ပြင်ဆင်မှုကာလတိုးမြှင့်ပေးရန်တင်ပြလာမှုအား တက်ရောက်လာသူများအနေဖြင့် ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြစေလိုကြောင်းနှင့် မိမိတို့ကော်မတီအနေဖြင့်လည်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ နည်းလမ်းကျနမှန်ကန်စွာ စိစစ်ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ရခိုင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက အတည်ပြုရန်တင်ပြလာမှုအား ဖတ်ကြားပြီး ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ကော်မတီအဖွဲ့ဝင်များက တင်ပြချက်များအပေါ် အကြံပြုဆွေးနွေးတင်ပြကြသည်။ အကြံပြုဆွေးနွေးချက်များအပေါ် ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။

ညနေပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် စစ်တွေမြို့၊ ဝင်္ကဘာကွင်း၌ ကျင်းပလျက်ရှိသော တန်ဆောင်တိုင်ပွဲတော် စတုဒီသာကျွေးမွေးခြင်းနှင့် ပျော်ပွဲရွှင်ပွဲများကျင်းပနေမှုကို သွားရောက်ကြည့်ရှုအားပေးကြရာ ရခိုင်ပြည်နယ်ယဉ်ကျေးမှုအဖွဲ့နှင့် ရခိုင်ဂန္တဝင်အဆိုကျော် ဦးမောင်သိန်း၊ ရခိုင်အဆိုကျော် မြတ်ခိုင်ကျော်၊ ခိုင်ကျော်လင်းတို့က ရခိုင်တေးသီချင်းများဖြင့် ကပြသီဆိုဖျော်ဖြေနေမှုကို ကြည့်ရှုအားပေးကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် ပြည်နယ်ဝန်ကြီးဌာနများအောက်ရှိ ဌာနဆိုင်ရာများ၊ လူမှုရေးအဖွဲ့အစည်းများ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ တည်ဆောက်ရေးကုမ္ပဏီများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက စတုဒီသာ ကျွေးမွေးနေမှုကို လှည့်လည်ကြည့်ရှုအားပေးကြကာ တန်ဆောင်တိုင်ပွဲတော်သို့ လာရောက်ကြသည့် ပြည်သူများအား စတုဒီသာမုန့်များကျွေးမွေးကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ဝင်္ကဘာကွင်းအတွင်းမှ မီးပုံးပျံများလွှတ်တင်ကြပြီး ရခိုင်ပြည်နယ် ယဉ်ကျေးမှုအဖွဲ့နှင့် ရခိုင်တေးသံရှင်များက ရခိုင်တေးသီချင်းများဖြင့် ကပြဖျော်ဖြေလျက်ရှိရာ စစ်တွေမြို့၌ ကျင်းပလျက်ရှိသော တန်ဆောင်တိုင်ပွဲတော်မှာ အထူးစည်ကားခဲ့ကြောင်း သတင်းရရှိသည်။

တင်ထွန်း(ပြန်/ဆက်)